အလေးချိန် ၆၆ ကီလိုရှိ ဧရာမဘာဂါကြီး ဆာဘီးယားစားဖိုမှူးများ ဖန်တီး

.

သြဂုတ် ၃၁ ။          ။ အလေးချိန် ၆၆ ကီလိုကျော်တဲ့ ဧရာမ ဘာဂါကြီးတစ်ခုကို ဆာဘီးယားနိုင်ငံက ကျွမ်းကျင် စားဖိုမှူး အဖွဲ့တစ်ခုက အောင်မြင်စွာ ပြုလုပ်ဖန်တီးနိုင်ခဲ့ကြောင်း သိရပါတယ်။

ဆာဘီးယားနိုင်ငံ တောင်ပိုင်းမြို့ Leskovac မှာ တစ်နှစ်တစ်ကြိမ် ကျင်းပလေ့ရှိတဲ့ အကင်ပွဲတော် တစ်ခုမှာ အဆိုပါ ကြီးမားတဲ့ အသား အချပ်ပြားကြီးကို ပြည်တွင်းအကင်ဆရာတွေက အောင်အောင်မြင်မြင်နဲ့ ဖန်တီးနိုင်ခဲ့တာဖြစ်ပါတယ်။

ယခု ဖန်တီးခဲ့တဲ့ ဘာဂါကြီးကတော့ ကမ္ဘာ့အကြီးဆုံးသော ဆာဘီးယား စတိုင် ဘာဂါကြီးလည်း ဖြစ်လာခဲ့ကြောင်း သိရပါတယ်။

" ခု ခင်ဗျားတို့ မျှော်လင့်ထားတဲ့အတိုင်း ဖြစ်လာလို့ ကျွန်တော် တအား ပျော်တယ်ဗျာ၊ ဘာလို့လဲ ဆိုတော့ စံချိန်လည်း ချိုးလိုက်နိုင်ပြီလေ၊ ဒီ ကမ္ဘာ့အကြီးဆုံး ဆာဘီးယား ဘာဂါ ကြီးကို ဖန်တီးနိုင်ခဲ့ပါပြီ၊ အလေးချိန်ကတော့ ၆၆ ကီလိုကျော်ပါတယ်" ဆိုပြီး ဒိုင်လူကြီးတစ်ဦးဖြစ်တဲ့ ဇိုရန် မီရာဆီဗစ်က ပြောသွားပါတယ်။

ယင်းဘာဂါကြီးကို ဖန်တီးရာမှာ ပါဝင်ခဲ့သူတစ်ဦးဖြစ်တဲ့ ဂျူဘီဆာ ဂျော်ဂျီဗစ်ကလည်း " ဒီဘာဂါကို ဖန်တီးတဲ့နေရာမှာ လက်အ၀င်ဆုံး အပိုင်းက ဒါကို ကင်ရတဲ့ အပိုင်းနဲ့ အထက်အောက် လှန်တဲ့ အပိုင်းဗျ၊ အဲဒီလို အပေါ်အောက် လှန်တာကို အောင်မြင်အောင်လုပ်နိုင်ရင်တော့ ပွဲပြီးပြီပေါ့ဗျာ" ဆိုပြီး ပြောသွားပါတယ်။