တရားလႊတ္ေတာ္ခ်ဳပ္ အၿမဲတမ္းအတြင္းဝန္ထံမွ သိန္း ၂ဝ,ဝဝဝ ေလ်ာ္ေၾကးရလိုမႈျဖင့္ ၫႊန္မႉးေဟာင္းတစ္ဦးက တရားစြဲ

.

၂၀၁၇  ဧၿပီ ၄ ရက္ေန႔က ေနျပည္ေတာ္ရိွ သတင္းစာရွင္းလင္းပဲြတစ္ခုတြင္ ေတြ႔ရေသာ  ျပည္ေထာင္စုတရားလႊတ္ေတာ္ခ်ဳပ္၊  ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးကိုကိုႏိုင္ (ဓာတ္ပံု - ျပန္ၾကားေရးဝန္ႀကီးဌာန)

(ရန္ကုန္) — ျပည္ေထာင္စုတရားလႊတ္ေတာ္ခ်ဳပ္႐ုံး၏ အၿမဲတမ္းအတြင္းဝန္လည္းျဖစ္၊ ၫႊန္ၾကားေရးမႉးခ်ဳပ္လည္း ျဖစ္သူ ဦးကိုကိုႏိုင္ထံမွ အေထြအေထြေလ်ာ္ေၾကး နစ္နာေၾကး က်ပ္သိန္း ၂ဝ,ဝဝဝ ရလိုမႈျဖင့္ ၎ဌာနမွပင္ အၿငိမ္းစားယူသြားသည့္ အရာရွိေဟာင္းႀကီးတစ္ဦးက မႏၲေလးတိုင္းေဒသႀကီးတရားလႊတ္ေတာ္တြင္ ယေန႔အမႈဖြင့္ တရားစြဲဆိုစြဲခဲ့သည္။

တရားလိုမွာ ျပည္ေထာင္စု တရားလႊတ္ေတာ္ခ်ဳပ္႐ုံး အၿငိမ္းစား ၫႊန္ၾကားေရးမႉး ဦးျမင့္ေဌးျဖစ္ၿပီး ၎ကို ဂုဏ္သိကၡာၫႈိးႏြမ္းေအာင္ ဦးကိုကိုႏိုင္က ေျပာဆိုခဲ့ျခင္းေၾကာင့္ဟု ဆိုသည္။

တရားလို ဦးျမင့္ေဌးသည္ ျပည္ေထာင္စုတရားလႊတ္ေတာ္ခ်ဳပ္႐ုံးမွ ၫႊန္ၾကားမႉးအဆင့္ျဖင့္ ၂ဝ၁၇ ခုႏွစ္ စက္တင္ဘာလတြင္ လုပ္သက္ျပည့္ အၿငိမ္းစားယူခဲ့ေၾကာင္း၊ ၎ အၿငိမ္းစားမယူမီရက္ပိုင္းအတြင္း ဌာနတြင္းလုပ္ေဖာ္ကိုင္ဖက္မ်ားႏွင့္ ႏႈတ္ဆက္ပြဲျပဳလုပ္ခဲ့ေၾကာင္း၊ ထိုပြဲတြင္ ေရာက္ရွိေနေသာ ၫြန္ၾကားေရးမႉးခ်ဳပ္ ဦးကိုကိုႏိုင္က ဦးျမင့္ေဌးသည္ဝန္ထမ္းဘဝ လုပ္ေဖာ္ကိုင္ဖက္မ်ားႏွင့္ ေတြ႕ဆုံ စားေသာက္စဥ္က အဝတ္အစားမပါဘဲ ကကုန္ခဲ့သည္ဟု မမွန္မကန္ေျပာဆိုခဲ့ေၾကာင္း တရားလို၏ ႐ုံးေတာ္သို႔ေလၽွာက္ထားခ်က္တြင္ေဖာ္ျပထားသည္။

သို႔ျဖစ္ပါ၍ နစ္နာေၾကးသိန္း ၂ဝ,ဝဝဝ ကိုရလိုေၾကာင္းႏွင့္ ထိုေငြကို ဩဂုတ္လ ၂၉ ရက္ေန႔တြင္ ေနာက္ဆုံးထား၍ ေပးရန္ အေၾကာင္းၾကားစာကို ေနျပည္ေတာ္တြင္ တာဝန္ထမ္းေဆာင္ေနသည့္ ဦးကိုကိုႏိုင္ထံသို႔ ဩဂုတ္လ ၂၄ ရက္က ေပးပို႔ခဲ့ေသာ္လည္း အေၾကာင္းမျပန္သည့္အတြက္ တရား႐ုံး၌ အမႈဖြင့္ျခင္း ျဖစ္သည္ဟု တရားလိုေရွ႕ေန ဦးေနလက Myanmar Now ကို ေျပာသည္။

“တရားၿပိဳင္(ဦးကိုကိုႏိုင္)က ကိုယ္တိုင္ျမင္ခဲ့တာလည္း မဟုတ္ဘဲ တစ္ဆင့္ၾကားစကားနဲ႔ တစ္ဖက္လူရဲ႕ ဂုဏ္သိကၡာ ေမွးမွိန္က်ဆင္းေစမယ္ဆိုတာသိလ်က္နဲ႔ တမင္ရည္႐ြယ္ၿပီး ကၽြန္ေတာ့္အမႈသည္ကို သိကၡာက်ေအာင္ ေျပာၾကားတာပါ။ ဒါက နာမည္ေကာင္းနဲ႔ အၿငိမ္းစားယူမယ့္သူ ဝန္ထမ္းေကာင္းအတြက္ အင္မတန္ ထိခိုက္နစ္နာေစတယ္။ ဘဝတစ္ခုလုံးကို ထိခိုက္တာ”ဟု တရားလႊတ္ေတာ္ေရွ႕ေနျဖစ္သည့္ ၎က ေျပာသည္။

ဦးျမင့္ေဌးသည္ တရားေရးဌာနတြင္ အရာရွိငယ္အဆင့္မွ အဆင့္ျမင့္အရာရွိဘဝအထိ ၃၃ ႏွစ္တိုင္တိုင္ တာဝန္ထမ္းေဆာင္ခဲ့သူတစ္ဦးျဖစ္ၿပီး ျပည္သူ႕ဝန္ထမ္းတံဆိပ္ခ်ီးျမႇင့္ခံရဖူးေၾကာင္း တရား႐ုံးသို႔ ေလၽွာက္ထားသည့္ ေလၽွာက္ထားလႊာတြင္ ေဖာ္ျပထားသည္။

တရားလိုဘက္ကမူ ဦးကိုကိုႏိုင္အေပၚ ရာဇဝတ္ေၾကာင္းအရပါ တရားထပ္စြဲဦးမည္ဟု ေျပာသည္။

“တရားမ ေၾကာင္းနဲ႔ဆို (နစ္နာမႈျဖစ္ၿပီးေနာက္) တစ္ႏွစ္အတြင္းမွာ တရားစြဲဆိုရမွာျဖစ္တဲ့အတြက္ တရားမ ေၾကာင္းနဲ႔ အရင္ဖြင့္တာ။ ေလာေလာဆယ္အလုပ္ေတြလည္း အရမ္း႐ႈပ္ေနလို႔။ ရာဇဝတ္ေၾကာင္းအရ ေနာက္ထပ္ တရားစြဲဖို႔လည္း အစီအစဥ္ရွိတယ္။ ရာဇဝတ္မႈဆိုတာ ဘယ္အခ်ိန္ဖြင့္ဖြင့္ ဖြင့္လို႔ရတယ္” ဟု ဦးေနလက ဆိုသည္။

အၿမဲတမ္းအတြင္းဝန္ႏွင့္ ၫႊန္ၾကားေရးမႉးခ်ဳပ္ ဦးကိုကိုႏိုင္သည္ ျပည္ေထာင္စုတရားလႊတ္ေတာ္ခ်ဳပ္႐ုံးတြင္ တာဝန္မထမ္းေဆာင္မီ ဖြဲ႕စည္းပုံအေျခခံဥပေဒဆိုင္ရာခုံ႐ုံးတြင္ တာဝန္ထမ္းေဆာင္ခဲ့ၿပီး တပ္ဘက္မွ အရပ္ဘက္သို႔ ေျပာင္းေ႐ႊ႕လာသူ တစ္ဦးျဖစ္သည္။

ယခု အမႈအား မႏၲေလးတိုင္းေဒသႀကီးတရားလႊတ္ေတာ္က တရားမႀကီးအမႈ အမွတ္ ၃၈/၂ဝ၁၈ ျဖင့္ ယေန႔လက္ခံခဲ့သည္။ ယခုအမႈႏွင့္ပတ္သက္၍ ဦးကိုကိုႏိုင္အား ဆက္သြယ္၍မရခဲ့ေပ။

[Unicode]

တရားလွှတ်တော်ချုပ်အမြဲတမ်းအတွင်းဝန်ထံမှသိန်း ၂ဝ,ဝဝဝလျော်ကြေးရလိုမှုဖြင့် ညွှန်မှူးဟောင်းတစ်ဦးကတရားစွဲ

ထိုက်နန္ဒာဝင်း (Myanmar Now)

ရန်ကုန်—ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံး၏ အမြဲတမ်းအတွင်းဝန်လည်းဖြစ်၊ ညွှန်ကြားရေးမှူးချုပ်လည်းဖြစ်သူဦးကိုကိုနိုင်ထံမှ အထွေအထွေလျော်ကြေးနစ်နာကြေး ကျပ်သိန်း၂ဝ,ဝဝဝ ရလိုမှုဖြင့် ၎င်းဌာနမှပင် အငြိမ်းစားယူသွားသည့် အရာရှိဟောင်းကြီးတစ်ဦးက မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်တွင်ယနေ့အမှုဖွင့် တရားစွဲဆိုစွဲခဲ့သည်။

တရားလိုမှာပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးအငြိမ်းစား ညွှန်ကြားရေးမှူးဦးမြင့်ဌေးဖြစ်ပြီး ၎င်းကိုဂုဏ်သိက္ခာညှိုးနွမ်းအောင် ဦးကိုကိုနိုင်ကပြောဆိုခဲ့ခြင်းကြောင့်ဟုဆိုသည်။

တရားလိုဦးမြင့်ဌေးသည် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးမှ ညွှန်ကြားမှူးအဆင့်ဖြင့်၂ဝ၁၇ခုနှစ် စက်တင်ဘာလတွင် လုပ်သက်ပြည့်အငြိမ်းစားယူခဲ့ကြောင်း၊၎င်းအငြိမ်းစားမယူမီရက်ပိုင်းအတွင်း ဌာနတွင်းလုပ်ဖော်ကိုင်ဖက်များနှင့်နှုတ်ဆက်ပွဲပြုလုပ်ခဲ့ကြောင်း၊ ထိုပွဲတွင် ရောက်ရှိနေသော ညွန်ကြားရေးမှူးချုပ်ဦးကိုကိုနိုင်ကဦးမြင့်ဌေးသည်ဝန်ထမ်းဘဝ လုပ်ဖော်ကိုင်ဖက်များနှင့်တွေ့ဆုံစားသောက်စဉ်က အဝတ်အစားမပါဘဲ ကကုန်ခဲ့သည်ဟု မမှန်မကန်ပြောဆိုခဲ့ကြောင်းတရားလို၏ရုံးတော်သို့လျှောက်ထားချက်တွင်ဖော်ပြထားသည်။

သို့ဖြစ်ပါ၍ နစ်နာကြေးသိန်း ၂ဝ,ဝဝဝ ကိုရလိုကြောင်းနှင့် ထိုငွေကို ဩဂုတ်လ ၂၉ရက်နေ့တွင် နောက်ဆုံးထား၍ပေးရန် အကြောင်းကြားစာကို နေပြည်တော်တွင်တာဝန်ထမ်းဆောင်နေသည့် ဦးကိုကိုနိုင်ထံသို့ ဩဂုတ်လ ၂၄ရက်က ပေးပို့ခဲ့သော်လည်းအကြောင်းမပြန်သည့်အတွက် တရားရုံး၌ အမှုဖွင့်ခြင်းဖြစ်သည်ဟု တရားလိုရှေ့နေဦးနေလက Myanmar Now ကိုပြောသည်။

“တရားပြိုင်(ဦးကိုကိုနိုင်)က ကိုယ်တိုင်မြင်ခဲ့တာလည်း မဟုတ်ဘဲ တစ်ဆင့်ကြားစကားနဲ့ တစ်ဖက်လူရဲ့ဂုဏ်သိက္ခာ မှေးမှိန်ကျဆင်းစေမယ်ဆိုတာသိလျက်နဲ့ တမင်ရည်ရွယ်ပြီး ကျွန်တော့်အမှုသည်ကိုသိက္ခာကျအောင် ပြောကြားတာပါ။ဒါက နာမည်ကောင်းနဲ့ အငြိမ်းစားယူမယ့်သူဝန်ထမ်းကောင်းအတွက် အင်မတန်ထိခိုက်နစ်နာစေတယ်။ဘဝတစ်ခုလုံးကို ထိခိုက်တာ”ဟု တရားလွှတ်တော်ရှေ့နေဖြစ်သည့် ၎င်းက ပြောသည်။

ဦးမြင့်ဌေးသည် တရားရေးဌာနတွင် အရာရှိငယ်အဆင့်မှ အဆင့်မြင့်အရာရှိဘဝအထိ၃၃နှစ်တိုင်တိုင် တာဝန်ထမ်းဆောင်ခဲ့သူတစ်ဦးဖြစ်ပြီးပြည်သူ့ဝန်ထမ်းတံဆိပ်ချီးမြှင့်ခံရဖူးကြောင်းတရားရုံးသို့ လျှောက်ထားသည့် လျှောက်ထားလွှာတွင် ဖော်ပြထားသည်။

တရားလိုဘက်ကမူဦးကိုကိုနိုင်အပေါ် ရာဇဝတ်ကြောင်းအရပါ တရားထပ်စွဲဦးမည်ဟုပြောသည်။

“တရားမကြောင်းနဲ့ဆို (နစ်နာမှုဖြစ်ပြီးနောက်) တစ်နှစ်အတွင်းမှာတရားစွဲဆိုရမှာဖြစ်တဲ့အတွက် တရားမကြောင်းနဲ့အရင်ဖွင့်တာ။လောလောဆယ်အလုပ်တွေလည်း အရမ်းရှုပ်နေလို့။ ရာဇဝတ်ကြောင်းအရနောက်ထပ်တရားစွဲဖို့လည်းအစီအစဉ်ရှိတယ်။ ရာဇဝတ်မှုဆိုတာ ဘယ်အချိန်ဖွင့်ဖွင့်ဖွင့်လို့ရတယ်”ဟုဦးနေလကဆိုသည်။

အမြဲတမ်းအတွင်းဝန်နှင့် ညွှန်ကြားရေးမှူးချုပ်ဦးကိုကိုနိုင်သည် ပြည်ထောင်စုတရားလွှတ်တော်ချုပ်ရုံးတွင် တာဝန်မထမ်းဆောင်မီဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးတွင် တာဝန်ထမ်းဆောင်ခဲ့ပြီးတပ်ဘက်မှ အရပ်ဘက်သို့ပြောင်းရွှေ့လာသူတစ်ဦးဖြစ်သည်။

ယခုအမှုအား မန္တလေးတိုင်းဒေသကြီးတရားလွှတ်တော်က တရားမကြီးအမှုအမှတ် ၃၈/၂ဝ၁၈ ဖြင့်ယနေ့လက်ခံခဲ့သည်။ယခုအမှုနှင့်ပတ်သက်၍ ဦးကိုကိုနိုင်အားဆက်သွယ်၍မရခဲ့ပေ။

Tags: