စစ်နှင့်အငတ်ဘေးမှ အသက်လုထွက်ပြေးလာခဲ့ကြသည့် ဒုက္ခသည်မိသားစုနှစ်စုကို ဗာတီကန်က ခိုလှုံခွင့်ပေးမည်ဟု ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ကြေညာ

စစ်နှင့်အငတ်ဘေးမှ အသက်လုထွက်ပြေးလာခဲ့ကြသည့် ဒုက္ခသည်မိသားစုနှစ်စုကို ဗာတီကန်က ခိုလှုံခွင့်ပေးမည်ဟု ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ကြေညာ

ဗာတီကန်၊ စက်တင်ဘာ - ၇ ။          ။ စစ်ပွဲနှင့်အငတ်ဘေးမှ အသက်လုပြေးလာခဲ့ကြသည့် ဒုက္ခသည်မိသားစုနှစ်စုကို ဗာတီကန်က ခိုလှုံခွင့်ပေးမည်ဖြစ်ကြောင်း ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က စက်တင်ဘာလ ၆ရက်နေ့က ကြေညာလိုက်ပြီး ဥရောပတစ်လွှားရှိ ကက်သိုလစ် ဘုရားကျောင်း၊ သီလရင်ကွန်ဗင့်ကျောင်းများနှင့် ဘုန်းတော်ကြီးကျောင်းများကိုလည်း အလားတူလုပ်ဆောင်ကြဖို့ တိုက်တွန်းလိုက်သည်။

ဖရန်စစ်က စိန့်ပီတာရင်ပြင်မှ ဘုရားဖူးများနှင့် ကမ္ဘာလှည့်များကို မေတ္တာရပ်ခံရာတွင် အိန္ဒိယမှ လူဆင်းရဲများကို ပြုစုစောင့်ရှောက်ခဲ့သည့် ဥရောပဖွားသီလရင်ကြီး မာသာ ထရီဇာကို ကိုးကားသွားခဲ့သည်။

''စစ်ပွဲနဲ့ အငတ်ဘေးက အသက်လုပြီး ထွက်ပြေးလာခဲ့ကြပြီး ဘဝမျှော်လင့်ချက်ဆီ သွားနေကြတဲ့ သောင်းနဲ့ချီတဲ့ ဒုက္ခသည်တွေရဲ့ ရင်နင့်ဖွယ်ရာအဖြစ်ဆိုးနဲ့ ရင်ဆိုင်ရတဲ့အခါမှာ ဘုရားသခင်ရဲ့ နှုတ်ကပ္ပာတ်တော်က အသေးငယ်ဆုံး အပစ်ပယ်ခံရဆုံးလူတွေအတွက် အိမ်နီးချင်းလုပ်ပေးဖို့၊ သူတို့ကို ခိုင်မာတဲ့မျှော်လင့်ချက်ပေးဖိုပ ကျွန်ုပ်တို့ကို တိုက်တွန်းနေပါတယ်''ဟု ဖရန်စစ်က ပြောကြားခဲ့သည်။ သတ္တိရှိပါ၊ ကြံ့ကြံ့ခံပါလို့ ပြောရုံနဲ့ မလုံလောက်ပါဘူးဟုလည်း ဖရန်စစ်က ထပ်လောင်း ပြောကြားခဲ့သည်။

ဆက်လက်ပြီး ပုပ်ရဟန်းမင်းကြီးဖရန်စစ်က ''ကျွနု်ပ်ရဲ့ ရောမနယ်ကစလို့ ဥရောပက ဘုရားကျောင်းတိုင်း၊ ဘာသာရေးအသိုက်အဝန်းတိုင်း၊ ဘုန်းကြီးကျောင်းတိုင်း၊ ဂေဟာတိုင်းက မိသာစုတစ်စုစီ လက်ခံကြပါ''ဟု ပြောကြားရင်း ဥရောပတစ်လွှားက ခရစ်ယာန်ဘုန်းကြီးတိုင်းကလည်း ဘုရားသခင်၏ နှုတ်ကပ္ပာတ်တော်ကို လက်တွေ့ကျကျဖော်ပြရန် သူ၏တိုက်တွန်းချက်ကို နှလုံးသွင်းပြီး ၎င်းတို့၏ သက်ဆိုင်ရာနယ်ပယ်မာျးတွင် ဒုက္ခသည်မိသားစုတစ်စုစီကို ခိုလှုံခွင့်ပေးရန်လည်း တောင်းဆိုခဲ့သည်။

ဗာီကန်မှာ သေးငယ်လွန်းလှသော မြို့ပြနိုင်ငံလေးဖြစ်ပြီး ကလေးများနှင့် မိသားစုများအပါအဝင် ၎င်း၏ နိုင်ငံသားများမှာလည်း ရှေးဟောင်းမြို့ရိုးများအတွင်း တိုက်ခန်းများတွင် နေထိုင်ကြသည်။ စိန့်ပီတာ၏ ဘာဆီလီကာအပါအဝင် အသင်းတော်ဘုရားကျောင်းနှစ်ခုရှိသည်။

ဖရန်စစ်က ဗာတီကန်၏ ဘုရားကျောင်းနှစ်ခုတွင် ဒုက္ခသည်မိသားစုနှစ်စုကို ကြိုဆိုလက်ခံထားမည်ဟု ဆိုသော်လည်း အသေးစိတ်ကိုမူ ပြောကြားခဲ့ခြင်းမရှိပေ။ ဗာတီကန်ပြောခွင့်ရပုဂ္ဂိုလ် ဆရာတော် စီရို ဘင်နက်ဒက်တီနီကမူ ဗာတီကန်က လက်ရှိ မည်သည့်မိသားစုများကို ကြိုဆိုလက်ခံမည်ကို ဆုံးဖြတ်နေကြောင်း ပုပ်ရဟန်းမင်းကြီး၏ အလှူရှင်ချုပ်ကို ကိုးကားပြောကြားခဲ့သည်။    

ပြီးခဲ့သည့် ရက်သတ္တပတ်အဆုံးရက်များတွင် စစ်နှင့် နှိပ်စက်ညှဉ်းပန်းမှုမှ ထွက်ပြေးလာခဲ့ကြသည့် ထောင်ပေါင်းများစွာသော ရွှေ့ပြောင်းအခြေချနှင့် ဒုက္ခသည်များမှာ ဟန်ဂေရီတွင် ရက်ပေါင်း အတော်ကြာ သောင်တင်နေခဲ့ပြီးနောက် ဂျာမနီနှင့် သြစတြီးယားသို့ စီးဝင်လာခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly