၂၀၁၇-၁၈ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ နေရာအလိုက် အကောင်းဆုံးဆုများကို ရီးယဲလ်ကစားသမားများ လွှမ်းမိုးထား

.

(ဓာတ်ပုံ - အီးပီအေ)

၂၀၁၇-၁၈ ဘောလုံးရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ နေရာအလိုက် အကောင်းဆုံးကစားသမားဆုများကို မိုနာကိုမှာ ပြုလုပ်တဲ့ အခမ်းအနားမှာ ပေးအပ်ချီးမြှင့်ခဲ့ရာ ချန်ပီယံလိဂ်ဖလား ၃ ကြိမ်ဆက် ရယူနိုင်ခဲ့တဲ့ ရီးယဲလ်မက်ဒရစ်အသင်းမှ ကစားသမားများကသာ ၎င်းဆုအားလုံးကို ဆွတ်ခူးခဲ့ပါတယ်။

နေရာအလိုက်အကောင်းဆုံးဆုများမှာ ဂိုးသမားနေရာအတွက် နာဗတ်စ်၊ နောက်ခံလူနေရာအတွက် ရာမို့စ်၊ ကွင်းလယ်လူနေရာအတွက် မိုဒရစ်နဲ့ တိုက်စစ်မှူးနေရာအတွက် လက်ရှိဂျူဗင်တပ်စ်တိုက်စစ်မှူး စီရော်နယ်လ်ဒိုတို့က ရရှိခဲ့တာဖြစ်ပါတယ်။

ကော်စတာရီကာ ဂိုးသမား နာဗတ်စ်ဟာ UEFA က ချီးမြှင့်တဲ့ ၂၀၁၇-၁၈ ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အကောင်းဆုံးဂိုးသမားဆုကို ဘရာဇီးဂိုးသမား အယ်လီဆင်နဲ့ အီတလီဂိုးသမား ဘူဖွန်တို့ကို ကျော်ဖြတ်ပြီး ဒီဆုကို ဆွတ်ခူးနိုင်ခဲ့ပါတယ်။

ရီးယဲလ်အသင်းခေါင်းဆောင် ရာမို့စ်ကတော့ ၂၀၁၇-၁၈ ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အကောင်းဆုံးနောက်ခံကစားသမားဆုကို အသင်းဖော် မာဆယ်လိုနဲ့ ဗာရန်တို့ကို ကျော်ပြီး ရရှိခဲ့တာပါ။

ရာမို့စ်ဟာ ရီးယဲလ်အသင်း ချန်ပီယံလိဂ် ၃ ကြိမ်ဆက် ရယူနိုင်အောင် ကူညီပေးခဲ့ပြီး သူဟာ အသင်းနဲ့ ပြီးခဲ့တဲ့ရာသီ ချန်ပီယံလိဂ် ၁၁ ပွဲကစားခဲ့ရာမှာ ဘောလုံးပေးပို့မှု ၆၆၃ ကြိမ် ပြုလုပ်ခဲ့ပြီး ၁ ဂိုးသွင်းယူပေးခဲ့ပါတယ်။

ခရိုအေးရှားရဲ့ မိုဒရစ်ဟာ ၂၀၁၇-၁၈ ရာသီ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အကောင်းဆုံး ကွင်းလယ်ကစားသမားဆုကို အသင်းဖော် တိုနီခရူနဲ့ မန်စီးတီးအသင်းရဲ့ ဒီဘရိုင်းတို့ကို ကျော်ဖြတ်ပြီး ဆွတ်ခူးရယူခဲ့ပါတယ်။

မိုဒရစ်ဟာ ရီးယဲလ်အသင်းရဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲတစ်လျှောက် အဓိကနေရာကနေ ပါဝင်ကစားခဲ့ပြီး ပြီးခဲ့တဲ့ရာသီချန်ပီယံလိဂ်မှာ ၁၁ ပွဲမှာ ဘောလုံးပေးမှု ၉၆ ရာခိုင်နှုန်းအထိ တိကျခဲ့ပြီး ၁ ဂိုး သွင်းယူခဲ့ပါတယ်။

ရီးယဲလ်ကစားသမားဟောင်း၊ လက်ရှိ ဂျူဗင်တပ်စ်ကစားသမား ပေါ်တူဂီစူပါစတား ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ အကောင်းဆုံး တိုက်စစ်ကစားသမားဆုကို ရရှိခဲ့ပါတယ်။ သူဟာ ပြီးခဲ့တဲ့ရာသီက ချန်ပီယံလိဂ်မှာ ၁၅ ဂိုး သွင်းကာ ဂိုးအများဆုံးသွင်းသူဖြစ်ခဲ့ပါတယ်။

အဆိုပါဆုပေးပွဲအခမ်းအနားကို တက်ရောက်မလာခဲ့တဲ့ စီရော်နယ်လ်ဒိုဟာ အကောင်းဆုံး တိုက်စစ်ကစားသမားဆုအတွက် ဘာစီလိုနာရဲ့ မက်ဆီနဲ့ လီဗာပူးလ်ရဲ့ ဆာလက်တို့ကို ကျော်ဖြတ်ပြီး ရရှိခဲ့တာပါ။

Ref; EFE-EPA