UEFA တစ်နှစ်တာ အကောင်းဆုံးကစားသမားဆုကို မိုဒရစ် ဆွတ်ခူး

.

(ဓာတ်ပုံ - အီးပီအေ)

ရီးယဲလ်မက်ဒရစ်ရဲ့ ခရိုအေးရှားကွင်းလယ်လူ လူကာမိုဒရစ်ဟာ UEFA ရဲ့ တစ်နှစ်တာ အကောင်းဆုံးကစားသမားဆုကို ကြာသပတေးနေ့က ဆွတ်ခူးရရှိခဲ့ပါတယ်။ သူဟာ ပြီးခဲ့တဲ့ရာသီက ရီးယဲလ်အသင်းနဲ့အတူ ချန်ပီယံလိဂ်ဖလားကို ရယူခဲ့ပါတယ်။

မိုဒရစ်ဟာ လက်ရှိ ဂျူဗင်တပ်စ်အသင်းမှာ ကစားနေတဲ့ အသင်းဖော်ဟောင်း ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ လီဗာပူးလ်တိုက်စစ်မှူး မိုဟာမက် ဆာလက်တို့ကို ကျော်ဖြတ်ပြီး ဒီဆုကို ဆွတ်ခူးခဲ့တာပါ။ ဒါ့အပြင် သူဟာ ချန်ပီယံလိဂ်ပြိုင်ပွဲရဲ့ နေရာအလိုက် အကောင်းဆုံးကွင်းလယ် ကစားသမားဆုကိုလည်း ရရှိခဲ့ပါတယ်။

၂၀၁၇-၁၈ ရာသီ UEFA ရဲ့ အကောင်းဆုံးကစားသမားဆုအတွက် မိုဒရစ်က ရမှတ် (၃၁၃)မှတ်၊ စီရော်နယ်လ်ဒိုက (၂၂၃)မှတ်၊ ဆာလက်က (၁၃၄)မှတ် အသီးသီးရရှိခဲ့ပါတယ်။

အကောင်းဆုံးကစားသမားဆုအတွက် မဲပေးမှုကို ပြီးခဲ့တဲ့ ရာသီက ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ် အုပ်စုအဆင့်တွေ ယှဉ်ပြိုင်ခဲ့တဲ့ အသင်းများမှ နည်းပြ (၈၀) ဦးနှင့်အတူ ဥရောပအားကစားမီဒီယာအဖွဲ့အစည်းမှ ဂျာနယ်လစ် (၅၅)ဦးတို့ရဲ့ ဆန္ဒမဲအပေါ် အခြေခံကာ ရွေးချယ်ခဲ့တာဖြစ်ပါတယ်။

ဆန္ဒမဲပေးရာမှာ ပထမဦးစားပေး ရွေးချယ်တဲ့ ကစားသမားကို (၅)မှတ်၊ ဒုတိယဦးစားပေး ကစားသမားကို (၃)မှတ်၊ တတိယဦးစားပေး ကစားသမားကို (၁)မှတ်ဖြင့် အသီးသီး အမှတ်ပေးရွေးချယ်ခဲ့တာဖြစ်ပါတယ်။

မိုဒရစ်ဟာ ဒိုင်နမိုဇာဂရက်အသင်းမှာ ကစားသမားဘဝစတင်ခဲ့ပြီးနောက် ၂၀၀၈ ခုနှစ်က စပါးအသင်းနဲ့ ပူးပေါင်းခဲ့ပြီး အဲဒီနောက် ၄ နှစ်အကြာမှာ ရီးယဲလ်အသင်းဆီ ယူရို သန်း ၃၀ နဲ့ ပြောင်းရွှေ့ခဲ့ပါတယ်။

အသက် ၃၂ နှစ်အရွယ် မိုဒရစ်ဟာ ရီးယဲလ်အသင်းနဲ့ ခရိုအေးရှားအသင်းတို့ရဲ့ ကွင်းလယ်မှာ အရေးပါတဲ့ ကစားသမားတစ်ယောက်ဖြစ်လာပြီး ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ သူဟာ အကောင်းဆုံးကစားသမားအဖြစ် ရွှေဘောလုံးဆုကို ရရှိခဲ့ပါတယ်။

ဒါ့ကြောင့် မိုဒရစ်ဟာ ၁၉၉၈ ခုနှစ် ရော်နယ်လ်ဒို (R9) နောက်ပိုင်း ကမ္ဘာ့ဖလား ရွှေဘောလုံးဆုနဲ့ UEFA တစ်နှစ်တာ အကောင်းဆုံးကစားသမားဆုကို တစ်ပြိုင်တည်းရယူနိုင်တဲ့ ပထမဆုံးကစားသမားဖြစ်လာပါတယ်။

ပြီးခဲ့တဲ့ ရာသီက မိုဒရစ်ဟာ ချန်ပီယံလိဂ် သုံးကြိမ်ဆက် ဆွတ်ခူးရာမှာ ရီးယဲလ်အသင်းကို ပံပိုးခဲ့သလို ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ခရိုအေးရှားအသင်းရဲ့ အဓိက အစိတ်အပိုင်းအနေနဲ့ ပါဝင်ခဲ့ပြီး အသင်းဟာလည်း ဒုတိယဆု ရယူခဲ့ပါတယ်။ သူဟာ ကမ္ဘာ့ဖလားပြိုင်ပွဲရဲ့ အကောင်းဆုံးကစားသမားဆုကို ဆွတ်ခူးခဲ့ပါတယ်။

စီရော်နယ်လ်ဒိုကလည်း အသင်းဟောင်း ရီးယဲလ်နဲ့အတူ ချန်ပီယံလိဂ်ဆု ဆွတ်ခူးခဲ့ပြီး ကစားသမားဘဝတစ်လျှောက် ချန်ပီယံလိဂ် ဂိုးအများဆုံးသွင်းသူအဖြစ် (၆) ကြိမ် ဖြစ်ခဲ့ပါတယ်။

ဆာလာကတော့ လီဗာပူးလ်အသင်းနဲ့ ပထမဆုံးရာသီမှာပဲ စံချိန်အမျိုးမျိုး ချိုးခဲ့သူဖြစ်ပါတယ်။ ဒါပေမယ့် ချန်ပီယံလိဂ်ဗိုလ်လုပွဲမှာ ပုခုံးဒဏ်ရာကြောင့် ကွင်းအတွင်းက ထွက်ခွာခဲ့ရပါတယ်။

UEFA ရဲ့ တစ်နှစ်တာ အမျိုးသမီးအကောင်းဆုံးကစားသမားဆုကို ဝုဖ်ဘတ်အသင်းရဲ့ ဒိန်းမတ်တိုက်စစ်မှူး ပယ်နီလာ ဟာဒါလ်က ဆွတ်ခူးခဲ့ပါတယ်။

Ref; EFE-EPA