YBS ၂၁ ယာဉ်လိုင်းတွင် ယာဉ်စီးခပြေစာထုတ်ပေးနိုင်ရန် အချက်အလက်စစ်တမ်း ကောက်ယူမည်

.

Power Eleven ကုမ္ပဏီလက်အောက်တွင် ပြေးဆွဲနေသော YBS ၂၁ ယဉ်လိုင်းအား တွေ့ရစဉ်။

သြဂုတ် ၃၀ ။          ။ YBS ၂၁ ယာဉ်လိုင်းတွင် ယာဉ်စီးခပြေစာ ထုတ်ပေးသည့်စက်များတပ်ဆင်ရန်အတွက် စက်တင်ဘာလတွင် ခရီးသွားပြည်သူများ၏ လူဦးရေအချက်အလက်စစ်တမ်းများကို ကောက်ယူသွားမည်ဖြစ်ကြောင်း Power Eleven ကုမ္ပဏီမှ အုပ်ချုပ်မှုဒါရိုက်တာ ဦးသက်တင်ဝင်းက ပြောသည်။

“ရှေ့လထဲမှာ ခရီးသွားတွေရဲ့လူဦးရေအချက်အလက် ဒေတာတွေကောက်ဖို့ရှိတယ်။ ကောက်ပြီးသွားရင် နောက်လထဲမှာ YRTA ကိုတင်ပြပြီးတော့ ကျွန်တော်တို့ ဆောင်ရွက်သွားဖို့ရှိတယ်” ဟု ဦးသက်တင်ဝင်း ကပြော သည်။

လက်ရှိအချိန်တွင် YBS ၂၁ယာဉ်လိုင်းမှ ခရီးသည်တင်ယာဉ် ၂ စီး၌ ပြေစာထုတ်ပေးသည့် စက်များစမ်းသပ် တပ်ဆင်ပြီး စတင်အသုံးပြုနေကြောင်း ခရီးသည်များထံမှ စစ်တမ်းကောက်ယူမှုကို စက်တင်ဘာလတွင် လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

YBS ၂၁ယာဉ်လိုင်းသည် ယာဉ်အစီးရေ ၈၃စီးဖြင့် ရန်ကုန်အနောက်ပိုင်းတက္ကသိုလ်မှ မော်တင်အထိ နေ့စဉ် ပြေးဆွဲပေးနေပြီး အဆိုပါ ယာဉ်လိုင်းတွင် အမျိုးသမီးယာဉ်မောင်း ၅ဦးခန့်ကိုလည်း ခန့်အပ်တာဝန်ပေး ထားကြောင်း Power Eleven ကုမ္ပဏီမှ သတင်းရရှိသည်။