မြန်မာနိုင်ငံတွင် Daewoo မော်တော်ကားကုမ္ပဏီမှ ကန်ဒေါ်လာ ၄ သန်းကျော်ဖိုး ရင်းနှီးမြှုပ်နှံမည်

.

ရန်ကုန်၊ သြဂုတ် ၃၀ ။               ။ ခရီးသည်တင်မော်တော်ယာဉ်များကို တပ်ဆင်ထုတ်လုပ်ရန်အတွက် ကိုရီးယားနိုင်ငံ၏နာမည်ကျော် အမှတ် တံဆိပ်ဖြစ်သော Daewoo မှ မြန်မာနိုင်ငံတွင် အမေရိကန်ဒေါ်လာ ၄ ဒဿမ ၆၉ သန်းဖိုး ရင်းနှီးမြှုပ်နှံသွားမည် ဖြစ်ကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) မှ သိရသည်။

ခရီးသည်တင်မော်တော်ယာဉ်များထုတ်လုပ်ရောင်းချခြင်းနှင့် ပြုပြင်ခြင်းလုပ်ငန်းများအတွက် ရင်းနှီးမြှုပ်နှံရန် နိုင်ငံခြားဖက်စပ်ကုမ္ပဏီအဖြစ် ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) မှ သြဂုတ်လ ၂၅ ရက်နေ့အစည်းအဝေး၌ စတင်ခွင့်ပြုပေးခဲ့ခြင်းဖြစ်သည်။

ယင်း Daewoo Bus Myanmar Co.,Ltd. တွင် Myanmar Trade Center ၇၅ ရာခိုင်နှုန်း နှင့် Daewoo ကုမ္ပဏီမှ ၂၅ ရာခိုင်နှုန်း ပါဝင်ထားသည်။

"တော်တော်များများကတော့ Suzuki တို့ဘာတို့က ဂျပန်ရှိမယ်။ စင်္ကာပူအခြေစိုက်လာတာရှိမယ်။ တချို့က တရုတ်ရှိမယ်ပေါ့နော်။ နောက်ဆုံး Daewoo မတိုင်ခင်ခွင့်ပြုလိုက်တာကတော့ Go Excellent ဆိုတာ မန္တလေး တိုင်းထဲမှာ အဓိကက Go Excellent ကတော့ လူစီးကားတွေပါ။ ဘတ်စ်ကားကတော့ နိုင်ငံခြားထဲမှာ တစ်ခု နှစ်ခုရှိတယ်။ မြန်မာနိုင်ငံသားထဲမှာ တချို့အလားတူမြန်မာနိုင်ငံသားကုမ္ပဏီတွေ ဘတ်စ်ကား ထုတ်လုပ်မှု လုပ်ငန်းတွေရှိပါတယ်" ဟု ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) မှ ညွှန်ကြားရေးမှူး ဦးစိုးမြင့်အောင်က ပြောသည်။

Daewoo Bus Myanmar သည် ရန်ကုန်ုတိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ် ထောက်ကြန့်ရှိ စက်မှုဝန်ကြီးဌာနပိုင် အမှတ် ၁ အကြီးစားစက်မှုလုပ်ငန်းပိုင်မြေကွက်တွင် စက်မှုဝန်ကြီးဌာနပိုင်စက်ရုံများကိုငှားရမ်းကာ လုပ်ကိုင် သွားမည်ဖြစ်သည်။ ခရီးသည်တင်မော်တော်ယာဉ်ထုတ်လုပ်ရောင်းချရာတွင်လည်း ပြည်ပမှလိုအပ်သည့် အစိတ်အပိုင်းများကို မှာယူကာ တပ်ဆင်သည့် SKD (Semi Knocked Down) စနစ် ဖြင့် ထုတ်လုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံတွင် မော်တော်ယာဉ်ထုတ်လုပ်ရောင်းချခြင်းနှင့်ပတ်သက်၍ နိုင်ငံခြားနှင့် နိုင်ငံခြားဖက်စပ်ဖြစ်သော Go Excellent (Myanmar) ကုမ္ပဏီ ၊ Shwe Daehan Motors ၊ Gold AYA Motors International Group ၊ Capitals Motors လိမိတက် ၊ SC Auto (Myanmar) ၊ Tan Chong Motor (Myanmar) ၊ Khiang Khaing Sann Da Group Group၊ Suzuki (Myanmar) Motor နှင့် Daewoo Bus Myanmar ကုမ္ပဏီ စသည့် ကုမ္ပဏီ ၉ ခုမှ ရင်းနှီးမြှုပ်နှံမှုစုစုပေါင်း အမေရိကန်ဒေါ်လာ ၆၆၂ ဒဿမ ၀၈၈ သန်းဖြင့် လုပ်ကိုင်နေကြောင်း သိရသည်။

မြန်မာနိုင်ငံသားရင်းနှီးမြှုပ်နှံမှုဖြင့် လုပ်ကိုင်နေသည့် မော်တော်ယာဉ်ထုတ်လုပ်ရောင်းချသောကုမ္ပဏီ ၇ ခုရှိနေပြီး ရင်းနှီးမြှုပ်နှံမှုပမာဏ မြန်မာကျပ်ငွေ ၅၅၃၈၃ ဒဿမ ၇၄ သန်း ရှိနေသည်။

လက်ရှိပြည်တွင်း၌ Suzuki ၊ Ford ၊ Scania ၊ Nissan ၊ Kia ၊ Daewoo စသည့်အမှတ်တံဆိပ်ဖြင့် မော်တော် ကားကုမ္ပဏီများ လုပ်ကိုင်လျှက်ရှိပြီး Toyota အမှတ်တံဆိပ်မှာလည်း ၀င်ရောက်လာနိုင်ဖွယ်ရှိနေကြောင်း ရင်းနှီးမြှုပ်နှံမှုနှင့်ကုမ္ပဏီများညွှန်ကြားမှုဦးစီးဌာန (DICA) မှ သိရသည်။