မန္တလေးမြို့ဟာ ဒဏ်ရာတွေနဲ့ အိပ်ရေးပျက်နေဦးမှာလား

.

သြဂုတ် ၃၀ ။                 ။ ညက မန္တလေးနဲ့ကျောက်ဆည်မြို့တို့မှာ တစ်ချိန်တည်းနီးပါး ဓားထိုး လုယက်မှုတွေ ဖြစ်ပွားခဲ့တယ်။ ကျောက်ဆည်မှာ ဖြစ်ပွားခဲ့တာကတော့ လတ်တလော လူမှုကွန်ယက်နဲ့မြို့ခံတစ်ချို့ရဲ့ ပြောစကားတွေအရ ကတော့ ဖုန်းလုပြီး ဓားနဲ့ထိုးတာလို့ ပြောနေကြပေမယ့် ကျောက်ဆည်မြို့မရဲစခန်းကနေ ပြစ်မှုကျူးလွန်သူတွေ ကို ဖမ်းဆီးစစ်ဆေးချက်တွေအရ လူငယ်ချင်း ဆိုင်ကယ်ခြင်းငြိရာကနေ ဖြစ်တယ်လို့ မီဒီယာတစ်ချို့ကို ဖြေကြားထားပါတယ်။

သေဆုံးခဲ့လူငယ်ကတော့ နည်းပညာတက္ကသိုလ်(ကျောက်ဆည်)က နောက်ဆုံးနှစ်ကျောင်းသားလေးပဲ ဖြစ်ပါတယ်။

မန္တလေးမှာဖြစ်ခဲ့တာကတော့ လည်ပင်းကို ဓားနဲ့ လှီးပြီး ဆိုင်ကယ်လုခဲ့တာပါ။ သေဆုံးခြင်းမရှိပေမယ့် အနည်းငယ် စိုးရိမ်ရတဲ့အခြေအနေတော့ ရှိပါတယ်။ ပြစ်မှုကျူးလွန်သူကိုလည်း မမိသေးပါဘူး။ စုံစမ်းနေဆဲသာ ဖြစ်ပါတယ်။

မန္တလေးမြို့အပါအဝင် အခြားနယ်မြို့လေးတွေပါ လက်နက်ကိုင်လုယက်မှုတွေ၊ခိုးမှုတွေဟာ နေ့စဉ်နီးပါး ကြားနေမြင်တွေ့နေရပါတယ်။ နေ့စဉ်နီးပါး ဖြစ်နေတဲ့အတွက်လည်း သက်ဆိုင်ရာအဖွဲ့အစည်းတွေက နေ့/ည လုံခြုံရေးတွေလုပ်နေသလို ရပ်ကင်း၊ဝပ်ကင်းတွေအပြင် သိန်းငှက်စစ်ဆင်ရေးအမည်နဲ့ ဒုစရိုက်မှုတွေ မူးယစ်ဆေးဝါးအမှုတွေ ဖမ်းဆီးဖော်ထုတ်အရေးယူနေမှုတွေကလည်း နေ့စဉ်ပါပဲ။ဒါပေမယ့် ဘာမှ လျှော့နည်းလာတာတော့ မရှိသေးပါဘူး။

ဘာကြောင့် ဒီလိုတွေဖြစ်နေရတာလဲ ဆိုတာ အဖြေထုတ်ဖို့ လိုပါတယ်။ မြို့နေလူထုကတော့ စိုးရိမ်ထိတ်လန့်နေကြပါတယ်။

ဒုစရိုက်မှုတွေကျဆင်းအောင်၊ မြို့နေလူထုတွေ စိတ်အေးချမ်းသာစွာ နေ့၊ ည သွားလာနိုင်ဖို့အတွက်လည်း မြို့တော်စည်ပင်က လမ်းတံတား၊ လမ်းမီးတွေ လုပ်ပေးနေသလို ဒုစရိုက်သမားတွေ၊မူးယစ်ဆေးရောင်းဝယ် သုံးစွဲနေသူတွေ ခိုအောင်းးမှုမရှိနိုင်အောင်လည်း ကျူးကျော်တဲတွေလည်း ရှင်းလင်းဖယ်ရှားနေပါတယ်။

ဒါပေမယ့် အနာနဲ့ဆေး မတည့်သေးသလို ဖြစ်နေပါတယ်။ နေ့ခင်းကြောင်တောင် သေနတ်ပစ် လုယက်တာတွေ၊ အနုကြမ်းစီးတာတွေ၊ ခိုးမှုတွေကလည်း နေ့စဉ်ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။

အစိုးရအဖွဲ့ကလည်း ပြည်သူလူထု အေးချမ်းလုံခြုံစွာ သွားလာ၊လုပ်ကိုင်စားသောက်နိုင်အောင် နည်းလမ်း ပေါင်းစုံနဲ့ ဆောင်ရွက်နေပေမယ့်လည်း ဘာကြောင့် ဒုစရိုက်မှုတွေ များလာတယ်ဆိုတာကတော့ ဝိုင်းဝန်းသုံးသပ်ရမှာပဲ ဖြစ်ပါတယ်။

သိန်းငှက်စစ်ဆင်ရေးဆိုတာကရော အောင်မြင်ရဲ့လား။ နေ့/ည စီမံချက်ချ ပူးပေါင်းအဖွဲ့တွေနဲ့ ပိတ်ဆို့ ရှာဖွေတာတွေ ဝပ်ကင်း၊ ရပ်ကင်းလုပ်နေတာတွေကရော အမှန်တကယ် မြို့နေလူထုအတွက် အကာအကွယ်  ဖြစ်ရဲ့လားဆိုတာလည်း သုံးသပ်ရပါမယ်။

မြို့နယ်အသီးသီးက လွှတ်တော်ကိုယ်စားလှယ်တွေကရော အခုလိုကြုံတွေ့နေရတာတွေနဲ့ပတ်သက်ပြီး သက်ဆိုင်ရာအဖွဲ့အစည်းတွေကို ဘယ်လိုအကြံအဥာဏ်တွေ ပေးထားလဲ။ မြို့နေ လူထုရဲ့အသံကို နားထောင်းပြီး အဖြေရှာမှုတွေလုပ်နေရဲ့လား။ ပြည်သူက တင်မြောက်ထားတဲ့ ရပ်ကျေး အုပ်ချုပ်ရေးမှူးတွေ၊ ဆယ်အိမ်မှူး၊ ရာအိမ်မှူးတွေရဲ့ အခန်းကဏ္ဍကရော ဘာတွေလဲလို့ မေးစရာ ဖြစ်လာပါတယ်။

အောက်ခြေအဆင့် ဖြစ်ပျက်နေတာတွေကို မှန်မှန်ကန်ကန် သတင်းပေးပို့ဖို့ လိုသလို ကိုယ့်ကျိုးမကြည့်ဘဲ အဖြစ်မှန်တင်ပြတာတွေ ၊ စုံစမ်းတာတွေ လုပ်ဖို့လိုပါလိမ့်မယ်။

အခုလိုသာ ဆက်ပြီး ဒုစရိုက်မှုတွေ ဖြစ်နေမယ်ဆိုရင် မန္တလေးမြို့ဟာ ဒဏ်ရာတွေနဲ့အိပ်ရေးပျက်နေဦးမှာပဲ ဖြစ်ပါတယ်လို့ မဇ္ဈိမက တင်ပြပေးလိုက်ပါတယ်။   ။