အင်ဒိုနီးရှားသို့ လူကုန်ကူးခံရသူ မြန်မာ ၁၀၅ ဦး ပြန်ရောက်

အင်ဒိုနီးရှားသို့ လူကုန်ကူးခံရသူ မြန်မာ ၁၀၅ ဦး ပြန်ရောက်

စက်တင်ဘာ ၇ ရက် ။         ။ အင်ဒိုနီးရှားနိုင်ငံမှ မြန်မာနိုင်ငံသား ၁၀၅ ဦးသည် စက်တင်ဘာလ ၆ ရက်နေ့တွင် ရန်ကုန်လေဆိပ်သို့ ပြန်လည် ရောက်ရှိလာသည်။

လူကုန်ကူးခံရသူ ၎င်းတို့အား အင်ဒိုနီးရှားနိုင်ငံ အန်ဘုံကျွန်းမှ ပြန်လည်ပို့ဆောင်ခဲ့သည်ဟု စက်တင်ဘာ ၇ ရက်ထုတ် နိုင်ငံပိုင်သတင်းစာများကဖော်ပြသည်။

မည်သို့မှောင်ခိုလူကုန်ကူးခံရသည်ကို ရန်ကုန် အမှတ် ၆ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်စုက တွေ့ဆုံမေးမြန်းမှုများ ဆောင်ရွက်နေသည်ဟုဆိုသည်။ မေးမြန်းမှုများပြုလုပ်ပြီးနောက် ၎င်းတို့၏ နေရပ် များသို့ IOM ၏ အစီအစဉ်ဖြင့် ပြန်လည်ပို့ဆောင်မည် ဖြစ်ကြောင်းသိရသည်။

ပြန်ရောက်လာသူ ၁၀၅ ဦးတွင် တနင်္သာရီတိုင်းနှင့် မွန်ပြည်နယ်တို့မှ ၂၆ ဦးစီ၊ ဧရာဝတီတိုင်းမှ ၁၄ ဦး၊ ရခိုင်ပြည်နယ်မှ ၁၂ ဦး၊ ရန်ကုန်တိုင်းမှ ၁၀ ဦး၊ ပဲခူးတိုင်းမှ ၈ ဦး၊ မန္တလးတိုင်းနှင့် ရှမ်းပြည်နယ်တို့မှ ၃ ဦးစီ၊ မကွေးတိုင်းမှ ၂ ဦးနှင့် ကချင်ပြည်နယ်မှ တစ်ဦး ဖြစ်သည်ဟု သတင်းစာက ဖော်ပြသည်။

ပြန်ရောက်လာသူများကို ရန်ကုန်လေဆိပ်၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေးဗဟိုအဖွဲ့ အတွင်းရေးမှူး မြန်မာနိုင်ငံရဲတပ်ဖွဲ့ ရဲချုပ် ရဲချုပ်ဇော်ဝင်းနှင့် တာဝန်ရှိသူများက ကြိုဆိုခဲ့သည်။

ထို့နောက် IOM မှစီစဉ်ပေးသည့် မော်တော်ယာဉ်များဖြင့် ရန်ကုန်လေဆိပ်မှတဆင့် ကြည့်မြင်တိုင်မြို့နယ်ရှိ သာဓုစာသင်တိုက်၊ သီရိမင်္ဂလာကျောင်းသို့ နေရာချပေးထားသည်။

သြဂုတ်လအတွင်းကလည်း နိုင်ငံရပ်ခြားသို့ လူမှောင်ခိုကုန်ကူးခံရသည့် ကလေးနှစ်ဦးအပါအဝင် လူပေါင်း ၂၁၉ ဦးအား မြန်မာရဲဌာနက ကယ်တင်ခဲ့ရကြောင်း စက်တင်ဘာ ၇ ရက် ဆင်ဟွာသတင်း ကဖော်ပြသည်။

၎င်းတို့အနက် လူ ၂၀၆ ဦးအား အဓမ္မအလုပ်စေခိုင်းရန်နှင့် အမျိုးသမီး ၁၁ ဦးအား အဓမ္မလက်ထပ်ခိုင်းရန်နှင့် ပြည့်တန်ဆာလုပ်ခိုင်းရန်အတွက် ရောင်းချခံရသူများဖြစ်သည်။

မြန်မာနိုင်ငံတွင်း ၂၀၀၆ ခုနှစ်မှစ၍ ယခုနှစ် သြဂုတ်လအထိ နိုင်ငံအနှံ့ လူမှောင်ခိုကူးမှုပေါင်း ၁၂၀၅ မှု ဖြစ်ပွားခဲ့ကြောင်း တရားဝင်စာရင်းများအရသိရသည်။ ယင်းလူမှောင်ခုမှုများတွင် ရဲက လူပေါင်း ၂၃၉၄ ဦးကို ကယ်တင်နိုင်ခဲ့ပြီး လူမှောင်ခိုကူးသူ ၂၁၉၆ ဦးအား ဖမ်းဆီးနိုင်ခဲ့သည်။

မြန်မာနိုင်ငံမှ တရားမဝင်ရွှေ့ပြောင်းသူများသည် အဓိကအားဖြင့် ထိုင်း၊ မလေးရှားနှင့် အင်ဒိုနီးရှားနိုင်ငံများသို့ လှေသင်္ဘောများဖြင့် ရွှေ့ပြောင်းဝင်ရောက်ကြခြင်းဖြစ်ကြောင်း တာဝန်ရှိသူများက ပြောသည်။

Ref; Myanma Alinn, GNLM, Xinhua

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly