ကိုပင်ဟေဂင်မြို့ထဲ စက်ဘီးအတူ ပတ်စီးခဲ့ကြတဲ့ ပြင်သစ်သမ္မတနဲ့ ဒိန်းမတ်ဝန်ကြီးချုပ်

.

သြဂုတ် ၃၀ ။     ။ စက်ဘီးစီး ၀ါသနာပါသူတစ်ဦးဖြစ်တဲ့ ဒိန်းမတ်ဝန်ကြီးချုပ် လားစ် လော့ကဲခ် ရက်စ်မက်ဆန်ဟာ နိုင်ငံမှာ အလည်အပတ်ရောက်ရှိနေတဲ့ ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်ကို ခေါ်ပြီး သြဂုတ်လ ၂၉ ရက်က ကိုပင်ဟေဂင် မြို့ထဲ စက်ဘီးလျှောက်ပတ်စီးခဲ့ကြတယ်လို့ သိရပါတယ်။

အဆိုပါ ခေါင်းဆောင် နှစ်ဦးဟာ ယင်းနေ့က မြို့တွင်း ကမ်းနားပိုင်းတစ်လျှောက် စက်ဘီးကိုယ်စီနဲ့ အချိန်တစ်နာရီမျှ လှည့်လည်ခဲ့ကြတယ်လို့ သိရပါတယ်။

ယင်းနောက် ပြင်သစ် သမ္မတ မက်ခရွန်က Tour de France စက်ဘီးစီးပြိုင်ပွဲ အနိုင်ရသူတွေ ၀တ်ဆင်ရတဲ့ အထင်ကရ အ၀ါရောင် ဂျာစီ အကျီကို ဒိန်းမတ်ဝန်ကြီးချုပ်ကို လက်ဆောင်ပေးအပ်ခဲ့သေးကြောင်း သိရပါတယ်။

ကမ္ဘာကျော်စက်ဘီးစီးပြိုင်ပွဲတစ်ခုဖြစ်တဲ့ Tour de France ရဲ့ ၂၀၂၀ နဲ့ ၂၀၂၁ ပြိုင်ပွဲတွေအတွက် စမှတ်အဖြစ် ဒိန်းမတ် မြို့တော်ကို ရွေးချယ်ထားပါတယ်။

နှစ်စဉ် ဇူလိုင်လ ရောက်တိုင်း သီတင်းပတ်သုံးပတ်ကြာ ပြုလုပ်တဲ့ ယင်းကမ္ဘာ့အကြီးဆုံး စက်ဘီးစီးပြိုင်ပွဲကတော့  ပြင်သစ်နိုင်ငံ ပြင်ပ နိုင်ငံတစ်နိုင်ငံကနေ စတင်ထွက်ခွာရလေ့ရှိတာဖြစ်ပါတယ်။