မြိတ်တွင် စီမံချက်ဖြင့် ဖမ်းဆီးနေ၍ ယာဉ်မောင်းလိုင်စင်နှင့် ဆိုင်ကယ်လိုင်စင်သက်တမ်းတိုးသူ များလာ

.

မြိတ်၊ သြဂုတ်လ ၃၀ ။        ။ မြိတ်မြို့နယ်အတွင်း ယာဉ်စည်းကမ်းထိန်းသိမ်းရေးကော်မတီမှ စည်းကမ်းမဲ့ဆိုင်ကယ်များကို စီမံချက်ဖြင့် ဖမ်းဆီးအရေးယူခဲ့ပြီးနောက် မြို့နေပြည်သူများသည်၊ ယာဉ်မောင်းလိုင်စင်နှင့် သက်တမ်းကုန်ဆိုင်ကယ် လိုင်စင် ပြုလုပ်လျှောက်ထားသူ ပိုများလာကြောင်း မြိတ်ခရိုင် ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှုဌာနရုံးထံမှ သိရသည်။

မြိတ်မြို့နယ်တွင် မော်တော်ယာဉ်/ ဆိုင်ကယ် အသုံးပြုမှု များပြားလာခဲ့ရာ ယာဉ်မတော်တဆမှုများ ဖြစ်ပွားမှု မြင့်တက်သည့်အပြင် ယာဉ်ကို အသုံးပြု၍ အခြားဒုစရိုက်များ ကျူးလွန်သူများ ရှိလာ၍ စီမံချက်ဖြင့် အဖွဲ့စုံဖြင့် ဖမ်းဆီးစစ်ဆေးအရေးယူနေခြင်း ဖြစ်သည်။

မြိတ်ခရိုင် ကုန်းလမ်းပို့ဆောင်ရေးညွန်ကြားမှုဦးစီးဌာန ခရိုင်ဦးစီးမှူး ဦးခင်မောင်လွင်က “ယခင်တုန်းကတော့ ဖမ်းဆီးအရေးယူမှုတွေ အားနည်းတော့ ပြည်သူတွေက ဦးတို့ရုံးမှာ ယာဉ်မောင်း လိုင်စင်တို့ သက်တမ်းကုန် ဆိုင်ကယ်လိုင်စင်တွေ လာရောက် ပြုလုပ်လျှောက်ထားသူတွေက အရမ်းနည်းပါတယ်၊ ဘယ်လောက်အထိ နည်းလဲဆိုတော့ တစ်ပတ်မှာ ၁၀၀ တောင် မပြည့်ဘူး၊ ၆၀ ကျော် ၇၀ လောက်ပဲ ရှိတယ်”ဟု ပြောသည်။

ထို့ကြောင့် သြဂုတ်လ ၂၀ ရက်နေ့မှ စတင်၍ မြိတ်မြို့နယ်၊ ယာဉ်စည်းကမ်းထိန်းသိမ်းရေးကော်မတီမှ ပူးပေါင်း အဖွဲ့စုံဖြင့်  မြို့ပေါ် နေရာ ၂၀ တို့တွင် Mobile စနစ်ဖြင့် တစ်ပတ်လျှင် ၂ ရက်၊ နေ့နှင့် ညပိုင်းတွင် တစ်လမှာ ၈ ရက် တင်းကြပ်စွာ ဖမ်းဆီးအရေးယူခဲ့သည်။

“ဆိုင်ကယ်တွေ တင်းတင်းကြပ်ကြပ် ဖမ်းဆီးအရေးယူခြင်း မရှိခင်က ယာဉ်မောင်းလိုင်စင်ကို လုပ်ဖို့ အရေးမကြီးဘူး ထင်ပြီး မလုပ်ခဲ့တာပါ၊ အခုက မရတော့ဘူး၊ စည်းကမ်းချက် တစ်ခုခု ဖောက်ဖျက်မှုတွေရင် အရေးယူခံရဖို့က များနေတယ်၊ ဒီအတွက်ကြောင့် တလက်စတည်း လုပ်လိုက်တာ ”ဟု မြိတ်မြို့၊ ရှမ်းချောင်းကြီးကျေးရွာနေ လိုင်စင်လာရောက်လျှောက်ထားသူ ဦးတင်စိုးလွင်က ပြောသည်။

စည်းကမ်းမဲ့ဆိုင်ကယ်များကို ဖမ်းဆီးခဲ့ရာ ယာဉ်မောင်းလိုင်စင်လာရောက် လျှောက်ထားသူများအနက် ဆိုင်ကယ်မောင်းလိုင်စင်ကို အဓိကထား လာရောက်လျှောက်ထားသူများကြောင်း  ၊ မော်တော်ဆိုင်ကယ် ယာဉ်မောင်းလိုင်စင် လာရောက်လျှောက်ထားသောသူများက သြဂုတ်လ ၂၀ ရက်မှစတင်၍ တစ်ပတ်အတွင်း ၂၀၀၀ ဦးခန့် ရှိကြောင်း၊ မြိတ်ခရိုင် ကုန်းလမ်းပို့ဆောင်ရေး ညွန်ကြားမှု ဦးစီးဌာနရုံးထံမှ သိရသည်။

ဆိုင်ကယ်မောင်း လိုင်စင်အား လာရောက်လျှောက်ထားသူ တစ်ယောက်ကို အပိုင်း ၄ ပိုင်း ခွဲခြားပြီး စစ်ဆေးကြောင်း၊ ယာဉ်မောင်းလိုင်စင် လျှောက်ထားသူများကို စည်းကမ်းချက်အတိုင်း စစ်ဆေးပြီး ယာဉ်မောင်း လိုင်စင် ထုတ်ပေးကြောင်း၊ ၄င်းအပြင် ယာဉ်မောင်းလိုင်စင်လာရောက် ဆောင်ရွက်သူများကို ယာဉ်စည်းကမ်း လမ်းစည်းကမ်း အသိပညာပေး ဟောပြောခြင်းများကို ဆောင်ရွက်ပေးနေကြောင်း၊ ခရိုင်ဦးစီးမှူး ဦးခင်မောင်လွင်ထံမှ သိရသည်။

လက်ရှိမှာ စီမံချက်ဖြင့် ဖမ်းဆီးအရေးယူဆောင်ရွက်ခဲ့သည့်နောက်ပိုင်း ယာဉ်မောင်းလိုင်စင် သက်တမ်းတိုးခြင်း ၄၄၉ စောင်၊ အသစ်ထုတ်ပေးခြင်း ၁၈၉၅ စောင်နှင့် ဆိုင်ကယ် သက်တမ်း တိုးခြင်းမှာ ၁၇၃၂ စီး ရှိကြောင်း သိရသည်။