ဒေါ်အောင်ဆန်းစုကြည်ထံမှ နိုဘယ်လ်ဆု ပြန်ရုတ်သိမ်းမည် မဟုတ်ဟု နိုဘယ်လ်ဆုကော်မတီ ပြော

.

 ဓာတ်ပုံ-သက်ကို

သြဂုတ် ၃၀ ။                        ။ ရခိုင်ကိစ္စနဲ့ပတ်သက်လို့ နိုင်ငံတကာဖိအားပေးမှုတွေ ရှိနေသော်ငြား နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အား ချီးမြှင့်ပေးအပ်ထားသော နိုဘယ်လ်ငြိမ်းချမ်းရေးဆုကိုတော့ ပြန်ရုတ်သိမ်းမည် မဟုတ်ကြောင်း နော်ဝေ နိုဘယ်လ် ကော်မတီက သြဂုတ် ၂၉ ရက်မှာ ပြောကြားလိုက်ပါတယ်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကတော့ သူမရဲ့ ဒီမိုကရေစီအရေး တိုက်ပွဲဝင်မှုအတွက် နိုဘယ်လ်ငြိမ်းချမ်းရေးဆုကို ၁၉၉၁ ခုနှစ်တုန်းက ရရှိထားခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့နှစ် ရခိုင်ပြည်နယ်က ဖြစ်စဉ်တွေမှာ လူ့အခွင့်အရေးချိုးဖောက်မှုတွေ ရှိခဲ့တယ်ဆိုတဲ့ နိုင်ငံတကာ စွပ်စွဲချက်တွေ ထွက်ပေါ်ထားခဲ့သလို ယင်းနဲ့ပတ်သက်လို့ ဒေါ်အောင်ဆန်းစုကြည်ဘက်ကလည်း ထုတ်ဖော်ပြောကြားဖို့ ပျက်ကွက်ခဲ့သည်ဟု ဆိုပြီး သူမအပေါ် နိုင်ငံတကာ ဝေဖန်ပြစ်တင်မှုများ ရှိခဲ့ပါတယ်။

" နိုဘယ်လ်ဆု ဆိုတာက တကယ်တော့ ရူပဗေဒ ဆုပဲဖြစ်ဖြစ်၊ စာပေဆုပဲ ဖြစ်ဖြစ်၊ ငြိမ်းချမ်းရေး ဆုပဲဖြစ်ဖြစ် လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်ကို သူ့ရဲ့ ပြီးခဲ့တဲ့ ကာလတွေတုန်းက လုပ်ဆောင်နိုင်ခဲ့မှု ဒါမှမဟုတ် အားထုတ်မှု တစ်ခုခုအတွက် ထိုက်တန်တဲ့ဆုကို ချီးမြှင့်ပေးအပ်ခြင်း ဖြစ်တယ်ဆိုတာကို အမှတ်ရနေဖို့ အရေးကြီးပါတယ်"  ဆိုပြီး နော်ဝေ နိုဘယ်လ် ကော်မတီ အတွင်းရေးမှူး Olav Njoelstad က ပြောသွားပါတယ်။

" ဒေါ်အောင်ဆန်းစုကြည်က သူ ဆုရခဲ့တဲ့ ၁၉၉၁ ခုနှစ်မတိုင်ခင်အထိ ဒီမိုကရေစီနဲ့ လွတ်လပ်မှုအတွက် သူမရဲ့ တိုက်ပွဲဝင်ခဲ့မှုကြောင့် ဒီ နိုဘယ်လ်ငြိမ်းချမ်းရေး ဆုချီးမြှင့်ခြင်း  ခံခဲ့ရတာပါ" လို့ ၎င်းက ပြောပါတယ်။

ဒါ့အပြင် နိုဘယ်လ်ဆုများဆိုင်ရာ စည်းမျဉ်းတွေထဲမှာလည်း ဆုတစ်ဆုကို ပြန်သိမ်းဖို့ကို ခွင့်ပြုထားခြင်း မရှိကြောင်း ၎င်းက ထပ်လောင်းပြောသွားပါတယ်။