ဖိလစ်ပိုင်မှာ မြို့တည်နှစ် နှစ်ပတ်လည် ပွဲတော်အတွင်း ဗုံးခွဲခဲ့သူနှစ်ဦးကို လိုက်လံရှာဖွေနေ

.

မနီလာ၊ သြဂုတ် ၃၀ ။           ။ ဖိလစ်ပိုင်နိုင်ငံ တောင်ပိုင်းက ပွဲတော်တစ်ခုမှာ လူနှစ်ဦးသေဆုံးတဲ့ ဗုံးခွဲမှု ကျုးလွန်သူ နှစ်ဦးကို အာဏာပိုင်တွေကို လိုက်လံဖမ်းဆီးနေပါတယ်။

အီဆူလန်မြို့မှာ မြို့တည်နှစ် နှစ်ပတ်လည်နေ့ ကျင်းပချိန် သြဂုတ် ၂၈ ရက်က ဖြစ်ပွားတဲ့ ဒီဗုံးခွဲမှုမှာ ဒဏ်ရာရသူ ၃၅ ဦး ရှိခဲ့ပါတယ်။

ဆယ်စုနှစ်များစွာ ကြာမြင့်တဲ့ အစ္စလာမ္မစ်စစ်သွေးကြွတွေရဲ့ ပုန်ကန်ထကြွရာ ဒီနယ်မြေဒေသမှာ တစ်လအတွင်း အသေအဆုံးများတဲ့ ဒုတိယအကြိမ် ဗုံးဖောက်ခွဲမှုတစ်ရပ်ပဲ ဖြစ်ပါတယ်။

မြို့တည်နှစ် နှစ်ပတ်လည်ပွဲတော်မှာ လူတွေ စုရုံးရှိနေစဉ် လူတစ်ဦးက ဗုံးပါတဲ့ အိတ်ကို ကုန်စုံဆိုင်တစ်ဆိုင်အနား ထားခဲ့ပြီး ဖောက်ခွဲခဲ့တာ ဖြစ်ပြီး ဒီဗုံးခွဲသူနဲ့ အဖော်ဖြစ်သူတို့ လွတ်မြောက်နေဆဲဖြစ်ကြောင်း စစ်တပ်က ပြောပါတယ်။

“တစ်ယောက်က ဗုံးလာထောင်တယ်။ နောက်တစ်ယောက်ကတော့ မော်တော်ဆိုင်ကယ်နဲ့ အသင့်စောင့်နေပြီး မောင်းပြေးကြတာဖြစ်တယ်။”လို့ ဗိုလ်မှူးချုပ် ဆိုဘီဂျာနာက ပြောပြီး ကျုးလွန်သူတွေကို လိုက်ဖမ်းနေဆဲဖြစ်ကြောင်း ဖြည့်စွက်ဆိုပါတယ်။

ဒီဗုံးထောင်တိုက်ခိုက်မှုကို အိုင်အက်စ်အဖွဲ့က ၎င်းတို့ လက်ချက်ဖြစ်တယ်လို့  ထုတ်ဖော်ကြေညာပါတယ်။ နိုင်ငံတောင်ပိုင်းမှာ ရေရှည်ဖြစ်ပွားနေတဲ့ အစ္စလာမ္မစ်ပုန်ကန်မှုတွေမှာ လူပေါင်း တစ်သိန်းထက်မနည်း သေဆုံးတယ်လို့ အစိုးရက တွက်ချက်ထားပါတယ်။

အိုင်အက်စ်ထောက်ခံတဲ့ ဘန်ဆာမိုရိုအစ္စလာမ္မစ် လွတ်မြောက်ရေးတိုက်ခိုက်ရေးသမားများ BIFF အဖွဲ့က ဒီဗုံးခွဲမှုကို လုပ်ဆောင်တာဖြစ်နိုင်ခြေများကြောင်း ဆိုဘီဂျာနာက ဆိုပါတယ်။

BIFF အဖွဲ့ကို ထိုးစစ်ဆင်တာတွေအတွက် လက်တုံ့ပြန်ပြီး ခုလို ဗုံးခွဲတိုက်ခိုက်တာဖြစ်ကြောင်း စစ်တပ်ပြောခွင့်ရသူတစ်ဦးကလည်း ပြောခဲ့ပါတယ်။