စပါးနဲ့ ဖူလ်ဟမ်းတိုက်စစ်မှူးဟောင်း ဒမ်ဆေး အသက် ၃၅ နှစ်မှာ ဘောလုံးကစားသမားဘဝကနေ အနားယူ

.

(ဓာတ်ပုံ - အီးပီအေ)

စပါးနှင့် ဖူလ်ဟမ်တိုက်စစ်မှူးဟောင်း ဒမ်ဆေးဟာ အသက် ၃၅ နှစ်အရွယ်မှာ ဘောလုံးကစားသမားဘဝကနေ အနားယူခဲ့ပြီး ၁၅ နှစ်တာ ကစားသမားဘဝသက်တမ်းကို အဆုံးသတ်လိုက်ပါတယ်။

ဒမ်ဆေးဟာ အမေရိကန်နိုင်ငံသားတစ်ဦးအနေနဲ့ ပရီးမီးယားလိဂ်ဂိုးသွင်းအများဆုံးအဖြစ် ၅၇ ဂိုးနဲ့ မှတ်တမ်းဝင်ထားပါတယ်။ သူဟာ အမေရိကန်အသင်းအတွက်လည်း ၅၇ ဂိုးသွင်းယူထားပြီး ဒီဂိုးသွင်းစံချိန်ဟာ ဒိုနိုဗန်ရဲ့ သွင်းဂိုးနဲ့ တူညီပါတယ်။

ဒမ်ဆေးဟာ မေဂျာလိဂ်ကလပ် ဆီယက်တဲလ် ဆောင်းဒါးစ်အသင်းမှာ ၂၀၁၃ မှ ၂၀၁၈ ခုနှစ်အထိ ကစားခဲ့ပါတယ်။

“စဉ်းစာတွေးတောစရာတွေ အများကြီးရှိပြီးတဲ့နောက် ကစားပွဲတွေကနေ ထွက်ခွာသွားဖို့ ကျနော်အတွက် ဒီအချိန်က အကောင်းဆုံးဖြစ်တယ်လို့ ကျနော့်မိသားစုနဲ့ ကျနော်တို့ ဆုံးဖြတ်ခဲ့ပါတယ်။ ကစားသမားဘဝတစ်လျှောက် အတူအလုပ်တွဲလုပ်ခဲ့တဲ့ ကစားဖော်တွေ၊ နည်းပြတွေနဲ့ ထောက်ပံ့ပေးတဲ့ ဝန်ထမ်းတွေ အားလုံးကို ကျေးဇူးတင်တယ်လို့ ပြောပါရစေ။”လို့ ဒမ်ဆေးက ထုတ်ပြန်ကြေညာချက်မှာ ပြောပါတယ်။

ဒမ်ဆေးဟာ ဖူလ်ဟမ်အသင်းမှာ ၂၀၀၇ မှ ၂၀၁၂ ခုနှစ်ထိ ကစားခဲ့ပြီး သူဟာ တစ်ရာသီအတွင်း သွင်းဂိုး ၁၇ ဂိုးဖြင့် ကလပ်ဂိုးသွင်းအများဆုံး စံချိန်တင်ခဲ့ပါတယ်။ စပါးအသင်းမှာတော့ ၂၀၁၂ မှ ၂၀၁၃ ခုနှစ်အထိ ကစားပေးခဲ့ပြီး အင်္ဂလန်ပရီးမီးယားလိဂ်မှာ (၇)ရာသီကြာ ကျင်လည်ခဲ့သူဖြစ်ပါတယ်။

တိုက်စစ်ကစားသမား ဒမ်ဆေးဟာ အမေရိကန်လက်ရွေးစင်မှာ အသင်းခေါင်းဆောင်အဖြစ် တာဝန်ယူခဲ့ပြီး နိုင်ငံအသင်းအတွက် ၁၄၁ ပွဲ ကစားထားခဲ့ရာ ကိုဘီဂျူံးစ် (၁၆၄ ပွဲ)နဲ့ ဒိုနိုဗန် (၁၅၇ ပွဲ)တို့ပြီးရင် အသင်းသမိုင်းမှာ တတိယမြောက် ပွဲအများဆုံးကစားခဲ့သူဖြစ်ပါတယ်။

Ref; EFE-EPA

Tags: