ကိုရီးယားကျွန်းဆွယ်မှာ စစ်ရေးလေ့ကျင့်မှု ဆိုင်းငံ့ထားတာကို အဆုံးသတ်မယ်လို့ အမေရိကန် ပြော

.

ဝါရှင်တန်၊ သြဂုတ် ၂၉ ။        ။ ကိုရီးယားကျွန်းဆွယ်မှာ စစ်ရေးလေ့ကျင့်မှု ဆိုင်းငံ့ထားတာကို အဆုံးသတ်တော့မှာ ဖြစ်ကြောင်း ပင်တဂွန်က သြဂုတ် ၂၈ ရက်မှာ ပြောပါတယ်။

သမ္မတ ဒေါ်နယ်ထရမ့်နဲ့ မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံးအန်တို့ရဲ့ ထိပ်သီးအစည်းအဝေးအရ ကောင်းမွန်တဲ့ ယုံကြည်မှုကို ပြသခြင်းအနေနဲ့ ကိုရီးယားကျွန်းဆွယ်က အကြီးစားစစ်ရေးလေ့ကျင့်မှုတွေကို ဆိုင်းငံ့ခဲ့တာဖြစ်ကြောင်း ကာကွယ်ရေးဝန်ကြီး ဂျင်မတ်တစ်က သတင်းထောက်တွေကို ပြောတာဖြစ်ပါတယ်။

“ကျွန်တော်တို့အနေနဲ့ နောက်ထပ် ဆိုင်းငံ့ဖို့ အစီအစဉ်တွေ မရှိတော့ပါဘူး။”လို့ သူက ပြောပါတယ်။

အတိတ်ကာလမှာ မြောက်ကိုရီးယားအတွက် ဒေါသထွက်စရာဖြစ်နေတဲ့ ဒေသတွင်း မဟာမိတ်တွေရဲ့ ကိုရီးယားကျွန်းဆွယ် စစ်ရေးလေ့ကျင့်မှုကို ဘယ်အချိန် ပြန်စမယ်ဆိုတာကိုတော့ မတ်တစ်က အရိပ်အမြွတ် ပြောဆိုခြင်း မရှိပါဘူး။

“စေ့စပ်ညှိနှိုင်းမှုတွေ ဘယ်လိုဖြစ်လာမလဲဆိုတာ ကျွန်တော်တို့က စောင့်ကြည့်တယ်။ ဒီနောက်မှာ အနာဂတ်ကို တွက်ချက်ပြီး ရှေ့ဆက်ကြတယ်။”လို့ မက်တစ်က ဆိုပါတယ်။

ဇွန်လအတွင်းက စင်ကာပူမှာ ကင်ဂျုံးအန်နဲ့ ထိပ်သီးအစည်းအဝေးအပြီး တောင်ကိုရီးယားနဲ့ အမေရိကန်ရဲ့ စစ်ရေးလေ့ကျင်မှုတွေကို ဆိုင်းငံ့မယ်လို့ ထရမ့်က ကတိပြုခဲ့တာပဲ ဖြစ်ပါတယ်။

မြောက်ကိုရီးယားအနေနဲ့က ကိုရီးယားကျွန်းဆွယ်မှာ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ စစ်ရေးလေ့ကျင့်မှုက ရန်စတယ်လို့ ရှုမြင်ပြီး စိတ်ဆိုးဒေါသထွက်စရာ ဖြစ်နေခဲ့တာလည်း ဖြစ်ပါတယ်။