ပန်းချီနှင့် ဥာဏအနုပညာဆိုင်ရာ မူပိုင်ခွင့်အတွက် သတင်းစာရှင်းလင်းပွဲပြုလုပ်

.

ရန်ကုန်၊သြဂုတ်လ ၂၉ ။        ။ ပန်းချီအနုပညာမူပိုင်ခွင့်၊ ဥာဏအနုပညာကျင့်ဝတ်နှင့် စည်းကမ်းဆိုင်ရာ ဥပဒေအကြောင်း သတင်းစာ ရှင်းလင်းပွဲကို သြဂုတ်လ ၂၉ရက်နေ့၌ ရန်ကုန်မြို့ Orchid ဟိုတယ်တွင်ပြုလုပ်ကျင်းပခဲ့သည်။

မြန်မာနိုင်ငံတွင် ၁၉၁၄ ခုနှစ်မှစတင်ကာ Myanmar Copyright Art ကိုပြဋ္ဌာန်းခဲ့ပြီး နှစ်ပေါင်း ၁၀၄ နှစ် ကတည်းက မူပိုင်ခွင့်ဥပဒေရှိနေခဲ့ကြောင်း အဆိုပါ ရှင်းလင်းပွဲမှ သိရသည်။

" ဒီဥပဒေက ခုနကျွန်တော်ပြောခဲ့သလိုပါဘဲ နှစ်ပေါင်း ၁၀၄နှစ်လောက်ရှိပြီ။ ဒါပေမယ့် ဒီမူပိုင်ခွင့်တွေ ကိုသိတဲ့ လူက နည်းတယ်။ ဥပဒေနဲ့ပတ်သက်ရင် ကျွန်တော်တို့မှာ စီရင်ထုံးတွေ ဆိုတာရှိရမယ်။ ပန်းချီနဲ့ပတ်သက်တဲ့ စီရင်ထုံးမရှိဘူး။ ရုပ်ရှင်နဲ့ဆို တစ်ခုလောက်ပဲရှိတယ်။ များသောအားဖြင့်ဘာလည်းဆိုတော့ အနုပညာ သမား တွေက နှလုံးသားနူးညံ့ကြတယ်။ လာတောင်းပန်ရင် ကျေအေးပေးလိုက်ကြတယ်။ ရုံးတွေဂတ်တွေလည်း မရောက်ချင်ကြဘူးပေါ့။ အဲ့တော့ ထင်ထင်ရှားရှား မူပိုင်ခွင့်ချိုးဖောက်ခံရတာ မရှိဘူးဖြစ်နေကြတယ် ။ အတွင်းမှာတော့အများကြီးရှိကြတယ်။ အများသိအောင်တော့မဖြစ်ခဲ့ကြဘူးပေါ့။ ဘာကြောင့်လည်းဆိုတော့ တစ်ယောက်နဲ့တစ်ယောက်ညှိနှိုင်းရင်းပြေလည်သွားကြလို့ပါ။ ထင်ရှားတဲ့ ပန်းချီကားတွေကို အများအားဖြင့် တော့ ကုမ္ပဏီတွေက ယူပြီးသုံးကြတယ်။ သူတို့ထင်တာက ဒီလို Public ကိုချပြထားတဲ့ဟာကို Public ပိုင်သွားတယ်လို့ထင်ကြတယ်။အဲ့ဒါတာမှားတာပါ။ အဲ့ဒါကြောင့်မို့ ဒီလိုပွဲမျိုးတွေ ဖြစ်လာတာပါ”ဟု  တရားလွှတ်တော်ရှေ့နေ ဦးအောင်စိုးကပြောသည်။

အသစ်ရေးဆွဲထားသည့် မူပိုင်ခွင့်ဥပဒေကြမ်းကို လက်ရှိအစိုးရတရားလွှတ်တော်တွင် ပြဋ္ဌာန်းထားပြီး မူပိုင်ခွင့် ချိုးဖောက်ခံရပါက ၃နှစ်အထက် ထောင်ဒဏ်နှင့် ငွေကျပ် ၁၀သိန်းထက်မနည်း အပြစ်ဒဏ်တို့ကို ပြဋ္ဌာန်း ထားကြောင်း အဆိုပါ သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။