ဆွာတမံရေလျှံမှုကြောင့် ရေတာရှည်တွင် ကျေးရွာအုပ်စု ၁၄ စု ရေဖုံးလွှမ်း

.

ရန်ကုန်၊ သြဂုတ် ၂၉ ။          ။ ဆွာချောင်း ရေလှောင်တမံ ရေကျော်လာပြီးနောက် ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်ထဲရှိ ကျေးရွာအုပ်စု ၁၄ စုအတွင်းသို့ ရေများဝင်ရောက်ခဲ့ကြောင်း အမျိုးသားသဘာဝ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ ညွှန်ကြားရေးမှူး ဒေါ်ဖြူလဲ့လဲ့ထွန်းက မဇ္ဈိမသို့ ပြောသည်။

ဆွာဆည်တမံ၏ ရေပိုလွှဲထားရှိသည့် ဆည်တမံနံရံတွင် ၄ ပေခန့်ကျိုးကာ ဆည်ရေစီးဆင်းလာသဖြင့် အမြန်လမ်းနေရာတချို့နှင့် ကျေးရွာတချို့၌ ရေနစ်မြှုပ် ခဲ့ခြင်းဖြစ်သည်။

“ ကျေးရွာအုပ်စု ၁၄ စုလောက်၊ အိမ်ခြေဆိုရင်တော့ တစ်သောင်းကျော်လောက်ရှိမယ်။ လူဦးရေကတော့ ငါးသောင်းလောက် ရေ၀င်သွားတယ်ပေါ့။ ပြောင်းရွှေ့ စာရင်းကတော့ အတိအကျမသိရသေးဘူး”  ဟု ဒေါ်ဖြူလဲ့လဲ့ထွန်း သြဂုတ် ၂၉ ရက်နေ့ နေ့လယ် ၁ နာရီခန့်တွင် ပြောသည်။

အဆိုပါရေဖုံးလွှမ်းမှုကြောင့် အတည်မပြုနိုင်သေးသည့် သတင်းများအရ လူအနည်းဆုံး ၆ ဦးခန့် သေဆုံးခဲ့ရကြောင်းလည်း အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ကော်မတီမှ သိရသည်။

ဆွာချောင်း ရေလှောင်တမံမှာ သြဂုတ် ၂၆ ရက်ကတည်းက ရေပိုလွှဲမှ ရေများထုတ်နေရပြီး သြဂုတ် ၂၉ ရက်နံနက်ပိုင်းမှ အမြန်လမ်းပေါ်နှင့် ရွာများ အတွင်းသို့ရေများ ၀င်ရောက်လာခဲ့ခြင်းလည်းဖြစ်သည်။

“ ဆွာချောင်းရေလှောင်တမံက ရေ၀င်များတဲ့အတွက် နိုင်တဲ့ရေ ပမာဏထက် တစ်ပေလောက်ပိုပြီး ရေပိုလွှဲကနေ ထွက်နေတာပါ။ ဒီနေ့ မနက်ကျတော့ ရေပိုလွှဲက တစ်ဖက်ကပေါ့ လေးပေလောက် ပဲ့သွားတယ်။ အဲ့ဒါကြောင့် ရေထွက်တာ ပိုများသွားတာပေါ့။" ဟု  စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီး ဌာနမှ  (လယ်/ ဆယ်)  ဒုတိယ အမြဲတမ်းအတွင်းဝန် ဦးမျိုးတင့်ထွန်းက ဆိုသည်။

ထို့ကြောင့် လက်ရှိအချိန်တွင် အဝေးပြေးကားများကို လမ်းလွှဲမှ မောင်းနှင်စေပြီး မန္တလေးထွက်မည့် ရထားခရီးစဉ်များအား ဖျက်သိမ်းခဲ့ရကြောင်း မြန်မာ့မီးရထားမှ သိရသည်။

အဆိုပါ ရေကြီးသည့်နေရာသို့ ဒုတိယသမ္မတ(၂) နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် တို့လည်း လာရောက်ခဲ့ကြောင်း ရေတာရှည်မြို့နယ်တိုင်း ဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ရုံးမှ သိရသည်။