မန္တလေးထွက်မည့် ရထားခရီးစဉ်များ အားလုံး ယာယီရပ်ဆိုင်း

.

ရန်ကုန်၊ သြဂုတ် ၂၉ ။          ။ ဆွာဆည်တမံနံရံကျိုးကာ ဆည်ရေစီးဆင်းလာသဖြင့် ရန်ကုန်-မန္တလေး အမြန်လမ်းနေရာအချို့တွင် ရေများနစ်မြုပ်နေပြီး မန္တလေးထွက်မည့် ရထားခရီးစဉ်များအား ဖျက်သိမ်းခဲ့ရကြောင်း မြန်မာ့မီးရထားမှ သိရသည်။

“ ရန်ကုန်မန္တလေးကိုသွားမယ့်လမ်းက ဆွာမှာဖြစ်နေတော့ဖြတ်လို့မရဘူး။ လောလောဆယ်တော့ ၃ စင်းကို cancel လုပ်တယ်။ လောလောဆယ် ၅ အဆန်၊ ၃ အဆန်၊ ၇ အဆန် လက်မှတ်ငွေပြန်အမ်းနေပါတယ်။ ရန်ကုန်-မန္တလေးလက်မှတ်တွေပါ”ဟု ရန်ကုန်ဘူတာကြီးမှ (ရုံပိုင်ကြီး)  ဦးသောင်းထိုက် ကပြောသည်။

သြဂုတ်လ ၂၉ရက်  နံနက် ၆ နာရီ ၂၀ မိနစ်အချိန်တွင် ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်ရှိ ရန်ကုန်- မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ်(၁၆၅/၀)၊ အနောက်ဘက်(၄)မိုင်ခန့် အကွာ၌ရှိသော ဆွာဆည် တမံ၏ ရေပိုလွှဲထားရှိသည့် ဆည်တမံနံရံကျိုးကာ ဆည်ရေစီးဆင်းလာသဖြင့် အမြန်လမ်းနေရာတချို့၌ ရေနစ်မြှုပ် ခဲ့ခြင်းဖြစ်သည်။

ထို့အပြင် အတည်မပြုနိုင်သေးသည့်သတင်းများအရ မန္တလေးမှ ရန်ကုန်သို့ပြန်ဆင်းလာသည့် ရထား တချို့ လည်း နေပြည်တော်ဘက်အခြမ်း (ဆွာဘက်) တွင်ပိတ်မိနေကြောင်းသိရသည်။ ယင်အခြေအနေ များကြောင့် မြန်မာ့မီးရထား (ရန်ကုန်) အနေဖြင့် ရထားများ အချိန်မှီ ပြန်ပြေးဆွဲနိုင်အောင် ကြိုးစားသွားမည် ဟုလည်း ဦးသောင်းထိုက် ကဆိုသည်။

သြဂုတ်လ ၂၉ ရက်တွင်ထွက်မည့် ရန်ကုန်-မန္တလေးရထားခရီးစဉ်များကို နေ့လယ် ၁၂ နာရီခွဲတွင် စတင် ငွေပြန်အမ်းနေပြီး လူဦးရေနှင့် ငွေပမာဏကိုတော့ မသိရှိရသေးကြောင်းလည်း ၄င်းကဆိုသည်။အဆိုပါ ဆည်တမံကျိုးပြီး ဖြစ်ပေါ်လာသော ရေကြီးသည့် နေရာသို့ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့် ဒုတိယ သမ္မတ ဦးဟင်နရီဗန်ထီးယူတို့လည်း လာရောက်ခဲ့ကြောင်း ရေတာရှည်မြို့နယ်မှ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ်ရုံးမှသိရသည်။