ဆွာဆည်တမံနံရံကျိုးကာ ဆည်ရေစီးဆင်းလာသဖြင့် အမြန်လမ်းနေရာအချို့ခေတ္တပိတ်ထားရ

.

ရန်ကုန်၊ သြဂုတ် ၂၉ ။          ။ ပဲခူးတိုင်းဒေသကြီး၊ ရေတာရှည်မြို့နယ်၊ ရန်ကုန်- မန္တလေးအမြန်လမ်း မိုင်တိုင်အမှတ်(၁၆၅/၀)၊ အနောက်ဘက်(၄)မိုင်ခန့် အကွာ၌ရှိသော ဆွာဆည် တမံ၏ ရေပိုလွှဲထားရှိသည့် ဆည်တမံနံရံကျိုးကာ ဆည်ရေစီးဆင်းလာသဖြင့် ရန်ကုန်-မန္တလေးအမြန်လမ်း နေရာအချို့တွင် ရေများနစ်မြုပ်နေပြီး လမ်းခေတ္တပိတ်ထားရကြောင်းသိရသည်။

သြဂုတ်လ (၂၉) ရက် နံနက် (၇) နာရီခန့်မှစ၍ ရန်ကုန်-မန္တလေးအမြန်လမ်း ၊ ရန်ကုန်-နေပြည်တော်လမ်း အပိုင်း မိုင်တိုင်အမှတ် (၁၆၅/၄) နှင့် (၁၆၆/၀) ကြား (၄) ဖာလုံခန့်တွင် ဆွာချောင်းရေလှောင်တမံ ဘက်မှ စီးဆင်းလာသော ရေများကြောင့် လမ်းပေါ်ရေ (၂) ပေခန့်ရေကျော်နေခြင်းဖြစ်သည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနမှ ပြောခွင့်ရပုဂ္ဂိုလ် တစ်ဦးထံ ဆက်သွယ်မေးမြန်းသော်လည်း ဖုန်းလက်ခံဖြေဆိုခြင်းမရှိခဲ့ပေ။

ရေကျော်မှုကြောင့် ဆွာချောင်းတံတားဘက်ခြမ်း တံတားတိုင် RP 7 နှင့် RP 5 တို့သည် တစ်ပေခွဲခန့် နိမ့်ကျ သွားခဲ့ပြီး ရန်ကုန်-မန္တလေး လမ်းဟောင်း မိုင်တိုင်အမှတ် (၁၉၉/၄) တွင်လည်း နံနက် ၇ နာရီမှစတင်ကာ ရေ (၄) ပေကျော်နေကြောင်း သိရသည်။

“ တဖြည်းဖြည်းနဲ့ ရေသွားတာလာတာတော့ သိပ်မရှိတော့ပါဘူး။ ဒါပေမယ့် အစတုန်းကကျော်ထားတော့ ဘေးပတ်ဝန်းကျင်မှာတော့ ရေတွေမြှုပ်တာ ရှိတာပေါ့။အမြန်လမ်းရဲ့တံတားတစ်ခုကလည်း အနည်းငယ်လောက် နိမ့်ဆင်းသွားတယ်”  ဟု ရေတာရှည်မြို့နယ်မှ ဒေသခံတစ်ဦးကပြောသည်။

အဆိုပါနေရာသို့  ဒုတိယသမ္မတ ( ၂ )နှင့် တပ်မတော်ကာကွယ်ရေးဦးစီးချုပ်တို့လည်းလာရောက်ခဲ့ကြောင်း ရေတာရှည်မြို့နယ်တိုင်း ဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ရုံးမှသိရသည်။

ပဲခူးတိုင်းဒေသကြီး ရေတာရှည်မြို့နယ် သိုင်းဝကျေးရွာအုပ်စု ဥယျာဉ်မှူးကျေးရွာအထက်ဘက်ရှိ ဆွာချောင်းရေလှောင်တမံ ရေပိုလွှဲမှ သြဂုတ် ၂၆ ရက်မှစတင်၍ ရေများစတင်ကျော်လာခဲ့ပြီး သြဂုတ် ၂၉ ရက်နံနက်ပိုင်းတွင် အမြန်လမ်းနှင့် ကျေးရွာတချို့သို့ရေများစတင်ဝင်ရောက်လာခဲ့ခြင်း လည်းဖြစ်သည်။

အဆိုပါရေကျော်မှုကြောင့် အမြန်လမ်းအသုံးပြုသည့် အဝေးပြေးမော်တော်ယာဉ်များကို  ကေတုမတီ မြို့သစ်လမ်းခွဲ မိုင်တိုင် ၁၅၄ /၀ မှ လမ်းဟောင်းသို့ လမ်းလွဲပေးနေကြောင်း သိရသည်။