၂၀၁၇-၁၈ ရာသီအတွက် UEFA အကောင်းဆုံးသွင်းဂိုးဆုကို စီရော်နယ်လ်ဒို ဆွတ်ခူး

.

(ဓာတ်ပုံ - အီးပီအေ)

ဥရောပဘောလုံးအဖွဲ့ချုပ် (UEFA) က ၂၀၁၇-၁၈ ဘောလုံးရာသီအတွက် UEFA အကောင်းဆုံးသွင်းဂိုးအဖြစ် ပြီးခဲ့တဲ့ရာသီက ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့မှာ ဂျူဗင်တပ်စ်အသင်းဘက်ကို နောက်ပြန်ကန်ချက်နဲ့ သွင်းယူခဲ့တဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုရဲ့ ဂိုးကို ရွေးချယ်ခဲ့တယ်လို့ သိရပါတယ်။

UEFA ဟာ အဆိုပါဆုအတွက် ယမန်နှစ်ရာသီအတွင်း ဘောလုံးနှင့် ဖူဆယ်ပြိုင်ပွဲများမှ ဆန်ခါတင်သွင်းဂိုး ၁၁ ဂိုးထဲမှ အကောင်းဆုံး သွင်းဂိုးကို ပရိသတ်တွေကို မဲပေးရွေးချယ်စေခဲ့တာဖြစ်ပါတယ်။

ယခုနှစ်ရဲ့ အကောင်းဆုံးဆုအတွက် အွန်လိုင်းမှ ပရိသတ်ပေါင်း (၃၄၆,၉၁၅) မဲပေးခဲ့ကြပြီး စီရော်နယ်လ်ဒိုရဲ့ သွင်းဂိုးက မဲအရေအတွက် (၁၉၇,၄၉၆)နဲ့ အကောင်းဆုံးသွင်းဂိုးဆုကို ရရှိခဲ့တာဖြစ်ပါတယ်။

“ကျနော်ကို မဲပေးခဲ့ကြတဲ့ ပရိသတ်အယောက်တိုင်းကို ကျေးဇူးတင်ပါတယ်။ အထူးသဖြင့် ဒီဂိုးသွင်းယူပြီးတဲ့နောက် အားပေးခဲ့ကြတဲ့ ပရိသတ်များရဲ့ လုပ်ရပ်ကို တစ်သက်လုံး မေ့နိုင်မှာ မဟုတ်ပါဘူး။”လို့ ဂျူဗင်တပ်တိုက်စစ်မှူး စီရော်နယ်လ်ဒိုက တွစ်တာမှာ ရေးတင်ခဲ့ပါတယ်။

ဒုတိယအကောင်းဆုံးသွင်းဂိုးဆုကိုတော့ ယူရိုပါလိဂ်ကွာတားဖိုင်နယ် ဒုတိယအကျော့ပွဲစဉ်မှာ လိုက်ပ်ဇစ်ဘက်ကို သွင်းယူခဲ့တဲ့ မာဆေးလ်ကွင်းလယ်လူ ပါယက်ရဲ့ ဂိုးက မဲအရေအတွက် (၃၅,၅၅၈) နဲ့ ရရှိခဲ့ပြီး တတိယဆုကို ဖီဖာယူ-၁၇ အမျိုးသမီးကမ္ဘာ့ဖလားဗိုလ်လုပွဲမှာ စပိန်ယူ-၁၇ အသင်းအတွက် တိုက်စစ်မှူး နာဗာရို သွင်းခဲ့တဲ့ ဂိုးက မဲအရေအတွက် (၂၃,၃၁၅)နဲ့ ရရှိခဲ့ပါတယ်။

UEFA နည်းပညာပိုင်းဆိုင်ရာ ပညာရှင်များက စီရော်နယ်လ်ဒိုရဲ့ဂိုuး “ကျွမ်းကျင်မှုနဲ့ ကစားသမားတစ်ဦးရဲ့ ကြံ့ခိုင်မှု”ရှိတာကို ပြသပါတယ်လို့ ထုတ်ပြန်ကြေညာချက်မှာ ဖော်ပြထားပါတယ်။

စီရော်နယ်လ်ဒိုဟာ ရီးယဲလ်အသင်းက ဂျူဗင်တပ်စ်အသင်းကို ၃-၀ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ဧပြီလ ၃ ရက်က ချန်ပီယံလိဂ်ကွာတားဖိုင်နယ် ပထမအကျော့မှာ နှစ်ဂိုးသွင်းယူပြီး တစ်ဂိုးဖန်တီးခဲ့ပါတယ်။

ဥရောပဘောလုံးအဖွဲ့ချုပ်ဟာ တစ်ရာသီအတွင်း အကောင်းဆုံးသွင်းဂိုးဆုကို ၂၀၁၅ ခုနှစ်က စတင်ချီးမြှင့်ခဲ့ပြီး ၂၀၁၅ နဲ့ ၂၁၀၆ ခုနှစ်တို့မှာ ဘာစီလိုနာတိုက်စစ်မှူး မက်ဆီ၊ ပြီးခဲ့တဲ့ ၂၀၁၇ ခုနှစ်မှာ စီရော်နယ်လ်ဒိုရဲ့ ဂျူဗင်တပ်စ်အသင်းဖော် မန်ဇူကစ်က ရရှိခဲ့ပါတယ်။

Ref; EFE-EPA