အစိုးရသတင်းစာတွေ နည်းနည်း သတိထားရတယ်ဟု ဒေါ်အောင်ဆန်းစုကြည်ပြော

.

ရန်ကုန်၊ သြဂုတ် ၂၈ ။           ။  အစိုးရသတင်းစာများနှင့်ပတ်သက်၍ နည်းနည်းသတိထားရတယ်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

သြဂုတ်လ ၂၈ ရက်နေ့က ရန်ကုန်တက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမတွင် ပြုလုပ်သော နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ရန်ကုန်မြို့ရှိတက္ကသိုလ်များမှ ကျောင်းသားကျောင်းသူများ၏ ရသစာပေစကားဝိုင်း၌ ပြောကြားခဲ့ခြင်း ဖြစ်သည်။

အစိုးရသတင်းများနှင့်ပတ်သက်၍ တက္ကသိုလ်ကျောင်းသားတစ်ဦးက ဆွေးနွေးခဲ့မှုအပေါ် ယင်းသို့ ပြန်လည် ပြောဆိုလိုက်ခြင်း ဖြစ်သည်။

"သတင်းစာတွေက အစိုးရကထုတ်တဲ့သတင်းစာဆိုရင် နည်းနည်းသတိထားရတယ်နော်။ ဒါက သဘာဝ ကျတယ်လေ။ အစိုးရဆိုတာ ကိုယ့်အစိုးရရဲ့အာဘော်ကိုရေးတာလေ။ ဒါပေမယ့် ပြည်သူတွေက လွတ်လွတ်လပ်လပ် တွေးတောပိုင်ခွင့်ရှိတယ်" ဟု ပြောကြားသည်။

ယင်း ရသစာပေစကားဝိုင်းတွင် ရန်ကုန်တက္ကသိုလ်များမှ ကျောင်းသားကျောင်းသူအသီးသီးက နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် ရသစာပေများအကြောင်း၊ စာအုပ်များအကြောင်း၊ ပညာရေးစနစ်နှင့်ရသစာပေ စသည့် အကြောင်းအရာများကို ဆွေးနွေးခဲ့သည်။

"ကျွန်တော်တို့က ပညာရေးမှာ အတွေးအခေါ်ကို ပေးရမယ်၊ လွတ်လွတ်လပ်လပ်တွေးခိုင်းရမယ်။ ကျွန်တော် ကတော့ တစ်ခုခုစာတစ်ကြောင်းပဲဖတ်ဖတ်၊ သတင်းစာခေါင်းစီးပဲဖတ်ဖတ် ဘာကိုပြောချင်တာလဲမသိဘူးပေါ့ အဲဒီလိုမျိုးတွေးတော့ သတင်းစာအဟောင်းတွေလည်း စုပါတယ်။ အဲဒီအတွေးပေါ့။ ပညာရေးကနေ လာတဲ့အတွေး" ဟု တက္ကသိုလ်ကျောင်းသားတစ်ဦးက ဆွေးနွေးခဲ့သည်။

အဆိုပါပွဲသို့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာ ၀င်းမြတ်အေး၊ ပြန်ကြားရေးဝန်ကြီး ဒေါက်တာဖေမြင့်၊  ရန်ကုန်တိုင်းဝန်ကြီးချုပ်တို့အပါအ၀င် ၀န်ကြီးများ တက်ရောက်ခဲ့သည်ကို တွေ့ရသည်။

လက်ရှိတွင် ပြန်ကြားရေးဝန်ကြီးဌာနမှ နေ့စဉ်ထုတ် ကြေးမုံ၊ မြန်မာ့အလင်းသတင်းစာ၊ Global News Light of Myanmar သတင်းစာများအပါဝင် သတင်းရုပ်သံများ လုပ်ကိုင်လျှက်ရှိသည်။