ကလေးစစ်သားဟောင်း အောင်ကိုထွေးကို လာမည့်ရုံးချိန်းတွင် စွဲချက်အမိန့်ချမည်

.

ရန်ကုန်၊ သြဂုတ် ၂၈ ။         ။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေစာအုပ်ကို တက်နင်းသည်ဟုဆိုကာ နိုင်ငံတော်အထိမ်းအမှတ်တံဆိပ်ခေါင်း ဥပဒေဖြင့် တရားစွဲဆိုခံထားရသည့် ကလေးစစ်သားဟောင်း ကိုအောင်ကိုထွေးအမှုကို စွဲချက်တင်၊ မတင်ကိစ္စ အား ဗိုလ်တထောင်မြို့နယ်တရားရုံးက လာမည့် စက်တင်ဘာ ၅ ရက်နေ့ရုံးချိန်းတွင် အမိန့်ချမည်ဟု သိရသည်။

နိုင်ငံတော် အထိမ်းအမှတ်တံဆိပ်ခေါင်းဥပဒေ ပုဒ်မ ၇ နှင့် ကိုအောင်ကိုထွေးကို စွပ်စွဲထားခြင်းဖြစ်ပြီး တရားလိုပြသက်သေ ၉ ဦးထိ တရားရုံးတွင် တင်ပြထားသည်။

သြဂုတ်လ ၂၈ ရက်ရုံးချိန်းတွင် သက်သေဗွီဒီယိုများကိုတရားသူကြီးကဖွင့်ကြည့်ခဲ့ပြီး တရားလိုနှင့် စွပ်စွဲ ခံထားရသူ နှစ်ဘက်ရှေ့နေများမှ လျှောက်လွဲချက်ပေးပြီးနောက် ရုံးချိန်းကို ပြန်ချိန်းဆိုခဲ့ခြင်းဖြစ်သည်။

“ အောင်ကိုထွေးနဲ့ပတ်သက်လို့ စွပ်စွဲချက် တင်သင့်၊ မတင်သင့် လျှောက်လဲတာပေါ့။ ကျွန်တော်တို့ဘက်က စွဲချက်မတင်သင့်ကြောင်းကို ဥပဒေအချက်အလက်ကို အဓိကထားတင်ပြတယ်” ဟု တရားလွှတ်တော်ရှေ့နေ ဦးရောဘတ်စန်းအောင်ကပြောသည်။

ထို့အပြင် ကိုအောင်ကိုထွေးကို စွပ်စွဲထားသောသက်သေတချို့သည် မခိုင်လုံသောကြောင့် တရားရှင် လွှတ်ပေးရန် တောင်းဆိုခဲ့ကြောင်း ဦးရောဘတ်စန်းအောင်က ဆက်ပြောသည်။

“ သူတို့ဘက်က သက်သေမပြနိုင်တော့တဲ့အတွက် တရားရှင်လွှတ်ပေးပါလို့ ကျွန်တော်တို့က လျှောက်ထား တင်ပြခြင်းပဲဖြစ်ပါတယ်။ လွှတ်လည်းလွှတ်ထိုက်ပါတယ်”ဟု ၄င်းကဆိုသည်။

ကိုအောင်ကိုထွေးကို စွဲဆိုထားသည့်အမှုတွင် တရားလိုပြသက်သေများသည် ဥပဒေအရ လက်ခံစဉ်းစား ထိုက်သူ မဟုတ်ဘူးဟုလည်း ဦးရောဘတ်စန်းအောင်ကပြောသည်။

ကိုအောင်ကိုထွေးသည် ကလေးစစ်သားအဖြစ် စုဆောင်းခံရပြီးပြန်လည် လွတ်မြောက်လာချိန်တွင် ကလေးစစ်သားအဖြစ် ဆောင်ရွက်ခဲ့ရသည့် အခြေအနေများကို သတင်းဌာနတစ်ခုတွင် ဖြေကြားခဲ့သည်။ အဆိုပါဖြေဆိုမှုတွင် တပ်မတော်၏ ဂုဏ်သိက္ခာကို ညိုးနွမ်းစေသည့် အပြောအဆိုများပါသည်ဟုဆိုကာ တပ်မတော်မှ တရားလိုပြုလုပ်၍ နိုင်ငံတော်အကြည်ညိုပျက်စေမှု ပုဒ်မ ၅၀၅(ခ) ဖြင့်စွဲဆိုသောကြောင့် ထောင်ဒဏ် ၂နှစ်ချမှတ်ခံထားရသည်။

ထို့အပြင် အဆိုပါအမှုကို စစ်ဆေးနေသည့် အချိန်အတွင်း တရားရုံးကိုသပိတ်မှောက်ခဲ့သောကြောင့် တရားရုံးမထီမဲ့မြင်မှုဥပဒေဖြင့် ထောင်ဒဏ် ၆ လ ထပ်မံကျခံထားရသူလည်းဖြစ်သည်။