အမျိုးသားများ ကျောင်းဆရာလုပ်ဖို့ စဉ်းစားကြပါဟု ဒေါ်အောင်ဆန်းစုကြည်ဆို

.

ရန်ကုန် ၊ သြဂုတ် ၂၈ ။         ။ ပညာရေးဝန်ထမ်းများအနက် အမျိုးသမီးများသာ ဝင်ရောက်အလုပ်လုပ်ကိုင်နေခြင်းက ပိုမိုများပြားနေသော ကြောင့် အမျိုးသားများ ကျောင်းဆရာအလုပ်ကို လုပ်ကိုင်ရန် စဉ်းစားပါဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုလိုက်သည်။

“ယောကျာ်းလေးတွေ ကျောင်းဆရာလုပ်ဖို့စဉ်းစားကြပါ။ ပျော်စရာလည်းကောင်းပါတယ်။ အဲ့ဒါကြောင့်မို့လို့ ယောက်ျားလေးများ ယုံယုံကြည်ကြည်နဲ့ ပညာရေးဘက်ကို လုပ်ကြပါဦးလို့ တိုက်တွန်းချင်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

သြဂုတ်လ ၂၈ ရက်နေ့က ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် ရန်ကုန်ရှိ တက္ကသိုလ်များမှကျောင်းသားကျောင်းသူများ၏ ရသစာပေစကားဝိုင်း ပြုလုပ်ရာမှာဒေါ်အောင်ဆန်းစုကြည်က အထက်ပါအတိုင်း တိုက်တွန်းပြောဆိုခဲ့ခြင်းလည်း ဖြစ်သည်။

“ကျောင်းဆရာအလုပ်ဆိုတာ တကယ်တော့ မွန်မြတ်ပါတယ်။ သူ့ရဲ့ တပည့်လေးတွေကိုပြုစုပျိုးထောင်ရတာ တကယ်တော့မလွယ်ပါဘူး။ တစ်ယောက်နှစ်ယောက်မဟုတ်ဘူး။ ရာနဲ့ ထောင်နဲ့ချီပြီး ပြုစုပျိုးထောင်သွားရတာ ကိုယ့်ရဲ့နိုင်ငံအတွက်အကောင်းဆုံးအမွေကို ထားခဲ့ရတာပါ” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုသည်။

လက်ရှိတွင် ပညာရေးဝန်ထမ်းများ၌ အမျိုးသမီးဝန်ထမ်းများက အမျိုးသားဝန်ထမ်းများထက် ရာခိုင်နှုန်း ပိုမိုများပြားနေသည်။