ဒါရိုက်တာများကို အမွှမ်းတင်နေလျှင် အာဏာရှင်နှင့်တိုးသွားနိုင်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြောကြား

.

ဓာတ်ပုံ-သက်ကို
 

ရန်ကုန်၊ သြဂုတ် ၂၈ ။       ။ နိုင်ငံတော်၏ အုပ်ချုပ်သူများကို ဒါရိုက်တာများအဖြစ်သတ်မှတ်ကာ အမွှမ်းတင်နေပါက အာဏာရှင်နှင့် တိုးနိုင်ကြောင်းနိုင်ငံတော်၏ အတိုင်အပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ပြောခဲ့သည်။

ရန်ကုန်တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမတွင် သြဂုတ်လ ၂၈ ရက်၌ပြုလုပ်နေသည့် ရသစာပေဆွေးနွေးဝိုင်း၌ ပြောကြားခဲ့ခြင်းဖြစ်သည်။

ရန်ကုန်အရှေ့ပိုင်းတက္ကသိုလ် မှ ပါဝင်ဆွေးနွေးသူ ကိုဗိုလ်ဗိုလ်ဟိန်း က နိုင်ငံတော်အား ရုပ်ရှင်ဇာတ်လမ်းအဖြစ် ခိုင်းနှိုင်းပါက အုပ်ချုပ်သူများဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်သည် ဒါရိုက်တာဖြစ်ပြီး ပြည်သူများသည် ဇာတ်ဆောင်များဖြစ်ကြောင်း ရသစာပေများနှင့်ပတ်သက်၍ ပြောဆိုခဲ့သည်။

ဒါရိုက်တာအနေဖြင့် ဇာတ်ဆောင်ဖြစ်သည့် ပြည်သူများမပါဝင်လျှင် လုပ်ကိုင်၍မရနိုင်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်မှ ပြန်လည်ပြောဆိုခဲ့သည်။

"ဒါရိုက်တာတွေကို သိပ်ပြီးတော့အမွှမ်းတင်နေမယ်ဆိုရင် အာဏာရှင်တွေနဲ့သွားတိုးမယ်နော် သတိထား" ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

ထို့အပြင် နိုင်ငံနှင့် ရုပ်ရှင်ဇာတ်လမ်းကိုခိုင်းနှိုင်းပါက ဒါရိုက်တာ၊ သရုပ်ဆောင်၊ ကင်မရာမန်းနှင့် နောက်ခံရိုက်ကွင်းများ ပြင်ဆင်ခြင်း စသည်တို့တွင် ဇာတ်လမ်းကောင်းမွန်စေရန် အားလုံးပါဝင် လုပ်ကိုင်ရမည်ဖြစ်ကြောင်းလည်း ၄င်းက ဆိုသည်။ 

ယခု ရန်ကုန်တက္ကသိုလ်တွင်ပြုလုပ်နေသည့် ရသစာပေစကားဝိုင်းမတိုင်မှီ သြဂုတ်လ ၂၇ရက်နေ့က နေပြည်တော် MICC (1)တွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် စီးပွားရေးလုပ်ငန်းရှင်များ ဆွေးနွေးပွဲပြုလုပ် ခဲ့သေးသည်။