မိုးများသောကြောင့် သထုံဘက်တွင် ကွမ်းပင်များသေဆုံးပျက်စီးမှု စံချိန်တင်

.

သထုံ၊ သြဂုတ်၊ ၂၈၊ ။          ။ မိုးများသဖြင့် မွန်ပြည်နယ်၊ သထုံမြို့နယ်ရှိ စိုက်ပျိုးထားသော ကွမ်းများမှာ ယခုနှစ်တွင် သေပျက်မှုနှုန်း စံချိန်တင်ခဲ့ကြောင်း ကွမ်းစိုက်တောင်သူများထံမှ သိရသည်။

" ကျွန်တော် ကွမ်းစိုက်စားလာခဲ့တာတာ့ နှစ် ၃၀ ကျော် ရှိပြီ။ ဒီနှစ်လောက် အသေကြမ်းတာ မကြုံဖူးဘူး။ ထီဝိုင် ဒေါင်းရွာတွေဘက်ဆို ၁၀ ခြံမှာ ၁၀ ခြံလုံး နီးပါးလောက်ကို သေတာ။ အနည်းနဲ့အများပဲ ကွာတယ်။ အသေကြမ်းတဲ့ခြံဆို ခြံကျွတ်ကို သေတယ်"ဟု နောင်ဘိုကျေးရွာနေ ကွမ်းတောင်သူ ဦးမောင်ဌေးက ပြောသည်။

ဇူလိုင်လမှ စတင်ရွာသွန်းခဲ့သော မိုးများခဲ့သည့်အတွက် ကွမ်းပင်များ ရေလောင်ကာ အပင်ရိ၍ သေဆုံးရခြင်း ဖြစ်သည်ဟု တောင်သူများက ဆိုကြသည်။

"သေသွားတဲ့ ကွမ်းပင်နေရာတွေကို ပြန်ဖာ(အသစ်အစားထိုးစိုက်)နေရတာ အခုထိပဲ။ ကွမ်းတွေက ဆက်သေနေကြတုန်း။ ဖာဖို့ ကွမ်းညွှန့်(မျိုးပင်)မရလို့ တချို့ခြံတွေဆို တိုင်ထောင်လျက်ပဲ ခြံကို ဒီအတိုင်း ပစ်ထားလိုက်ရတယ်"ဟု ကွမ်းတောင်သူ ဦးမောင်ဌေးက ဆိုသည်။

ယမန်နှစ်က ကွမ်းညွှန့်ဈေးမှာ တစ်ညွှတ်လျှင် ၃၀ ကျပ်နှင့် ၅၀ ကျပ်ရှိပြီး ယခုနှစ်မှာ ၁၀၀ကျပ်ဈေး ပေါက်သော် လည်း ကွမ်းပင်ပျက်စီးမှုများသောကြောင့် ကွမ်းညွှတ်(ပြန်စိုက်ပျိုးရန် ထိပ်ဖျားတွင် ချန်ထားသောအညွှန့်) ရှာမရဘဲ ဖြစ်နေကြောင်း သိရသည်။

ကွမ်းရွက်မှာ ယမန်နှစ်က ယခုအချိန်တွင် တစ်ပိသာလျှင် ၇၀၀၊ ၈၀၀ကျပ်ရှိပြီး ယခုနှစ်တွင် တစ်ပိသာလျှင် ကျပ် ၃၈၀၀၊ ၄၀၀၀ ကျပ်ဈေး ပေါက်သည်။

ကွမ်းသေပျက်နှုန်းများသဖြင့် ဒေသတွင်းကွမ်းထွက်နှုန်းများပါ ကျဆင်းသွားရပြီး နယ်ဝေးသို့ ကွမ်းများ တင်ပို့ ဖြန့်ချိနေသော ကွမ်းဒိုင်များကလည်း ဝယ်လိုအားရှိသလောက် ကွမ်းများ မတင်ပို့ပေးနိုင်ဘဲ ရှိနေကြောင်း ဒေါ်မငယ်ဒိုင်မှ သိရသည်။

လက်ရှိတွင် ကွမ်းသေမှုနှုန်း( ကွမ်းပင်ပျက်စီးမှု)များသောကြောင့် ကွမ်းရှားပါးကာ ဈေးကောင်းနေကြောင်း သိရသည်။

သထုံတစ်ဝိုက်မှ ထွက်ရှိသော ကွမ်းများကို ကရင်ပြည်နယ်ဒေသများနှင့် တောင်ကြီး၊ ပဲခူး၊ ဘီးလင်း၊ မြဝတီ၊ ကော့ကရိတ်၊ ပေါင်၊ မော်လမြိုင်၊  ကော့သောင်းထိ တင်ပို့နေပြီး ကျိုက်ထို မုက်ခမူကွမ်းဆိုပါက တရုတ်၊ ထိုင်ဝမ်အထိ တင်ပို့ကြောင်း သိရသည်။