မြိတ်ကျွန်းစု ခရီးသွားရာသီပြန်စလျှင် ခရီးစဉ်ပက်ကေ့ခ်ျဈေးနှုန်းများ အပြောင်းအလဲရှိမည်

.

မြိတ်၊ သြဂုတ်လ ၂၈ ။         ။ တနင်္သာရီတိုင်းအတွင်း လာမည့် အောက်တိုဘာလတွင် ကျွန်းခရီးများ ပြန်စချိန်တွင် မြိတ်ကျွန်းစု ခရီးစဉ်အချို့ ၌ လေ့လာလည်ပတ်စရာခရီးစဉ်များ ထပ်တိုးချဲ့လိုက်ပြီး ပက်ကေ့ခ်ျဈေးနှုန်းများကို ပြည်တွင်းခရီးသည် တစ်ဦး လျှင် တစ်သောင်းကျပ် တိုးကောက်မည် ဖြစ်ကြောင်း မြိတ်ခရိုင် ခရီးသွားလုပ်ငန်းရှင်များအသင်းထံမှ သိရသည်။

ပင်လယ်ကမ်းရိုးတန်းတစ်လျှောက်နှင့် ဆက်စပ်နေသည့် တနင်္သာရီရှိ ခရိုင် ၃ ခုတွင် ကျွန်းပေါင်း ၈၀၀ ကျော် ရှိသော မြိတ်ကျွန်းစုသည်၊ ပြီးခဲ့သည့် ခရီးသွားရာသီများတွင် နာမည်ရခဲ့ပြီး၊ ခရီးသွားများအကြား ရေပန်းစားနေသောခရီးစဉ်များလည်း ဖြစ်သည်။

ဒီနှစ် မြိတ်ကျွန်းစုခရီးစဉ်တွေထဲမှာ ကျွန်တော်တို့ စမတ်ကျွန်း (ကျောက်လုံးကမ်းခြေ) ခရီးစဉ်မှာ ဒီနှစ်မှာ ခရီးစဉ် ၂ ခု ထပ်ထည့်ထားပါတယ်၊ ပုလဲမွေးမြူရေးစခန်းနှင့် နောက် ကျွန်းတစ်ခုပေါ့ ။ အဲ့ဒီအတွက်ကြောင့် ခရီးစဉ် ပက်ကေ့ခ်ျ ဈေးနှုန်း ယခင်နှစ်က Local တစ်ဦးကို ၇၀၀၀၀ ကျပ် သတ်မှတ်ထားရာ အခုနှစ် ခရီးသွား ရာသီမှာ ၈၀၀၀၀ ကျပ်ပေါ့။ ၁၀၀၀၀ ဈေးမြင့်တက်သွားပါတယ်၊ နိုင်ငံခြားသားကတော့ ဒေါ်လာ ၈၀ ပါ။ သူကတော့ ဈေးမတက်ပါဘူး”ဟု မြိတ်ခရိုင် ခရီးသွား လုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဒေါက်တာ သိန်းဆွေမြင့် က ပြောသည်။

ထို့ပြင် လေးကျွန်းခရီးစဉ်တွင် ပြည်တွင်း ခရီးသည်တစ်ဦးကို ပြီးခဲ့သည့် ခရီးသွားရာသီမှာ ကျပ် ၇၀၀၀၀ ဈေး ရှိပြီး၊ ယခုနှစ်တွင်လည်း အပြောင်းအလဲမရှိ ယင်းဈေးအတိုင်း ဖြစ်ပြီး။ နိုင်ငံသားခရီးသည်တစ်ဦးကို ဒေါ်လာ ၈၀ အစား ယခုနှစ်မှာ ၇၀ သတ်မှတ်လိုက်ကြောင်း သိရသည်။

မြိတ်ကျွန်းစုခရီးစဉ်များထဲတွင် ပြီးခဲ့သည့် ခရီးသွားရာသီမှာ ပြည်တွင်းခရီးသည်များ အများဆုံး လာရောက် လည်ပတ်မှုများရာမှ မြိတ်အခြေစိုက် ခရီးသွားကုမ္ပဏီများကလည်း အပြိုင်အဆိုင် Promotion ပြုလုပ်ခဲ့ရာ ကုမ္ပဏီတစ်ခုနှင့်တစ်ခု ခရီးစဉ်ဈေးနှုန်း မတူညီမှုများ ရှိခဲ့ကြောင်း မြိတ်အခြေစိုက် ခရီးသွားကုမ္ပဏီများထံမှ သိရသည်။

“ ဒီနှစ်မှာ ကျွန်းခရီးစဉ်တွေမှာ ပက်ကေ့ခ်ျ ဈေးနှုန်းကို ခရီးစဉ်အလိုက် အများက သတ်မှတ်ထားတဲ့နှုန်း အတိုင်း တပြေးညီရောင်းမှာပါ၊ ဈေးလျှော့မရောင်းခိုင်းထားဘူး၊ ဧည့်သည်တွေကို စိတ်ကျေနပ်မှုရအောင် ၀န်ဆောင်မှုအပိုင်းကို ပြိုင်ကြဖို့ စည်းကမ်းသတ်မှတ်ထားတယ်”ဟု ဥက္ကဋ္ဌ ဒေါက်တာသိန်းဆွေမြင့်က ထပ်လောင်း ပြောဆိုသည်။

ထို့ကြောင့် ယခုနှစ်တွင် ခရီးစဉ်ဈေးနှုန်းများ ကုမ္ပဏီများ တပြေးညီကောက်ခံသွားမည်ဟု သိရသည်။