‘ခရိုနီ’ ဆိုပြီး လက်ညှိုးထိုး အပြစ်ဖို့မှု ဒေါ်အောင်ဆန်းစုကြည် မကြိုက်

.

ယမန်နေ့က ပြုလုပ်သည့် ညစာစားပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က စီးပွားရေးလုပ်ငန်းရှင်များနှင့် စကားပြောကြားစဉ်(ဓာတ်ပုံ- နိုင်ငံတော်အတိုင်ပင်ခံရုံး)

နေပြည်တော်(ဩဂုတ် ၂၈ရက်၊ ၂၀၁၈ခုနှစ်)။ ။ တိုင်းပြည်တိုးတက်ရန် ချမ်းသာသည့် ပုဂ္ဂိုလ်များ နိုင်ငံတွင် ရှိခြင်းက ကောင်းမွန်ပြီး စီးပွားရေးလုပ်ငန်းရှင်ကြီးများ ကြွယ်ဝချမ်းသာမှုကို နှစ်သက်ကြောင်းနှင့် ၎င်းတို့ကို ‘ခရိုနီ’ ဆိုပြီး လက်ညှိုးထိုး အပြစ်တင်နေမှုကို မကြိုက်ကြောင်း နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားလိုက်သည်။

နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်းဗဟိုဌာန(၁)တွင် ဩဂုတ်လ ၂၇ရက်က ကျင်းပပြုလုပ်သည့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် စီးပွားရေးလုပ်ငန်းရှင်ကြီးများ တွေ့ဆုံပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က ထိုသို့ ပြောကြားခဲ့ခြင်း ဖြစ်သည်။

တက်ရောက်လာသည့် စီးပွားရေးလုပ်ငန်းရှင်တချို့အနေဖြင့် ‘ခရိုနီ’ ဆိုသည့် စကားကို မကြားချင်ကြသော်လည်း မပြောမဖြစ် ပြောရဦးမည်ဟု အစချီကာ “အဲ့တော့ ‘ခရိုနီ’ ‘ခရိုနီ’ ဆိုပြီးတော့ လက်ညှိုးထိုးတာတွေ ရှိပါတယ်။ ကျွန်မ ဒီလိုဟာမျိုးကို မကြိုက်ပါဘူး။ ဖြစ်ပြီးတာတွေက ဖြစ်ပြီးပြီ။ နောက်ပြီးတော့လည်း ဘယ်တော့မဆို ပြုပြင်ပြောင်းလဲဖို့ အခွင့်အရေးတွေ ဆိုတာလည်း ရှိပါတယ်။ အဲ့တော့ ကျမတို့ဟာ နောက်ဆုံးကျတော့ ကိုယ့်နိုင်ငံတိုးတက်ဖို့ အားလုံး ညီညီညွတ်ညွတ်နဲ့ လက်တွဲပြီးတော့ လုပ်ဖို့ လိုပါတယ်။ ခရိုနီတွေ၊ ခရိုဝါတွေ အရောင်မျိုးစုံ ဘာမှ ပြောနေစရာ မလိုဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

NLD ဦးဆောင်သည့် အစိုးရအနေဖြင့် စီးပွားရေးလုပ်ငန်းရှင်ကြီးများကို အတိတ်က ဖြစ်ရပ်များကို ကြည့်ပြီး ဆက်ဆံမည် မဟုတ်ဘဲ နိုင်ငံတိုးတက်ရေးကိုသာ ရှေးရှုသွားမည်ဖြစ်ကြောင်းလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

“ကျွန်မတို့ အစိုးရဟာ ဘယ်စီးပွားရေးလုပ်ငန်းရှင် ကိုမှ အတိတ်က ကိစ္စတွေနဲ့တွဲကြည့်ပြီးတော့ သုံးသပ်တာမရှိပါဘူး။ အတိတ်က အတိတ်ပဲ၊ ပစ္စုပ္ပန်ကအရေးအကြီးဆုံးပဲ။ အခု ပစ္စုပ္ပန်မှာ ဘယ်လိုလုပ်နေကြတယ်၊ ဘယ်ကို ဦးတည်နေ ကြတယ်၊ နိုင်ငံတိုးတက်ရေးအတွက် ဘာတွေထောက်ပံ့နေကြသလဲ၊ အဲဒါကို အဓိက ကြည့်တာဖြစ်ပါတယ်” ဟု ဆိုသည်။

တော်ဝင်မိသားစု ကုမ္ပဏီ ဥက္ကဌဖြစ်သူ ဦးကိုကိုထွေးက စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် စစ်အစိုးရ၊ ဦးသိန်းစိန် အစိုးရ၊ လက်ရှိ NLD အစိုးရ ဟူ၍ ခွဲခြားနေလို့ မရဘဲ ဘယ်အစိုးရမဆို အဆင်ပြေအောင်ပေါင်းပြီး စီးပွားရေးလုပ်ရခြင်း ဖြစ်သောကြောင့် ‘ခရိုနီ’ ဟုဆိုကာ အပြစ်ဖို့နေခြင်းသည် အလုပ်မဖြစ်ဘဲ စီးပွားရေးလုပ်ငန်းများ ကောင်းမွန်လာမှသာ အလုပ်အကိုင်အခွင့်အလမ်းများ တိုးတက်လာမည် ဖြစ်ကြောင်း ပြောသည်။

“နာဂစ်တုန်းက အဲဒီခရိုနီတွေချည်းပဲ ကတောင်းကျိုက်ပြီး မိုးထဲရေထဲမှာ သက်စွန့်ဆံဖျား သွားပြီးတော့ ငွေတွေ အလုံးအရင်း ထုတ်ပြီး ကယ်လာခဲ့ကြတာ။ ဒီနေ့ ရေကြီးရင်လည်း ဒီလူတွေပဲ။ မီးလောင်ရင်လည်း ဒီလူတွေပဲ။ ကျောင်းဆောက်မယ်၊ လမ်းပြင်မယ်၊ ဆေးရုံလှူမယ်။ နောက်ဆုံး သွေးလှူတာကအစ ဒီလူတွေပဲ လုပ်နေကြတာပါ” ဟု ဦးကိုကိုထွေးက မီဒီယာများကို ပြောသည်။

လက်ရှိတွင် အစိုးရကို မအောင်မြင်စေချင်သူများ ရှိနေပြီး ထိုသို့ စိတ်ဓာတ်မျိုး မထားသင့်ကြောင်းနှင့် လက်ရှိ အစိုးရ၏ ဆောင်ရွက်ချက်များသည် မိမိတို့ အစိုးရ အောင်မြင်ရေးအတွက် လုပ်ဆောင်နေခြင်း မဟုတ်ဘဲ နိုင်ငံအောင်မြင်ရေးအတွက် ဆောင်ရွက်နေခြင်း ဖြစ်သည်ဟု တွေ့ဆုံပွဲမိန့်ခွန်းတွင် ဒေါ်အောင်ဆန်းစုကြည်က ထည့်သွင်း ပြောကြားခဲ့သေးသည်။

“အောင်မြင်တယ်ဆိုတာ ကျွန်မတို့ အစိုးရအဖွဲ့ဝင်တွေ ချမ်းသာလာအောင် ပြောတာမဟုတ်ပါဘူး။ ပြည်သူလူထုချမ်းသာလာအောင်ပြောတာဖြစ်ပါတယ်။ ကျွန်မတို့အစိုးရအတွက်လုပ်ဖို့ ကိုင်ဖို့ မလွယ်ဘူးပြောတာမဟုတ်ပါဘူး။ ပြည်သူလူထုအတွက် လုပ်ရကိုင်ရ၊ နေရထိုင်ရ တာ ချောမွေ့ဖို့ အတွက်ပြောတာဖြစ်ပါတယ်။ ကျွန်မတို့ နိုင်ငံအောင်မြင်ဖို့အတွက် ၀ိုင်းဝန်း ပြီး တော့ကူညီကြပါ။ အတိတ်ကိုကြည့်ပြီးတော့ ဘယ်သူကိုတော့ ဘယ်လို့ အညှိးအတေးနဲ့ ဆက်ဆံမယ်ဆိုတဲ့ စိတ်မရှိပါဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

မြန်မာနိုင်ငံတွင် ကြုံတွေ့နေရသော နိုင်ငံခြားငွေ လဲလှယ်နှုန်း ပြဿနာကြောင့် ကျပ်ငွေတန်ဖိုး ကျဆင်ရခြင်းအပါအဝင် လက်ရှိ စီးပွားရေးအကြပ်အတည်းကို ဖြေရှင်းနိုင်ရန် စီးပွားရေးလုပ်ငန်းရှင်များက တွေ့ခွင့်တောင်းဆိုခဲ့ရာမှ ဒေါ်အောင်ဆန်းစုကြည်နှင့် စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံပွဲ ပေါ်ပေါက်လာရခြင်း ဖြစ်သည်။

တွေ့ဆုံပွဲတွင် UMFCCI ဥက္ကဋ္ဌ ဦးဇော်မင်းဝင်း၊ MBCCD နှင့် စေပိုင်ကုမ္ပဏီမှ ဦးမောင်ဝိတ်နှင့် မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးရှိန်ဝင်းတို့က နိုင်ငံခြားငွေ လဲလှယ်နှုန်းတည်ငြိမ်ရေး၊ ပို့ကုန်သွင်းကုန်ကိစ္စရပ်များတွင် မူဝါဒတည်ငြိမ်ရေး၊ ဆောက်လုပ်ရေးကဏ္ဍတွင် ရင်းနှီးမြှုပ်နှံသူများအတွက် ဘဏ်ချေးငွေအတိုးနှုန်းနှင့် အခွန်နှုန်းထားများလျှော့ချပေးရေး၊ ကွန်ဒိုမီနီယံအဆောက်အအုံများနှင့်ပတ်သက်၍ ဝယ်ယူသူ များအတွက် အခွန်နှုန်းထားများဖြေလျှော့ပေးနိုင်ရေးတို့နှင့်စပ်လျဉ်း၍ မေးခွန်း မေးမြန်းခဲ့ကြသည်။

တွေ့ဆုံပွဲသို့ အစိုးရနှင့် ပုဂ္ဂလိကဘဏ်လုပ်ငန်းရှင်များ၊ ၀င်ငွေခွန်နှင့် ကုန်သွယ်လုပ်ငန်းခွန် အများဆုံးထမ်းဆောင်ကြသည့် စီးပွားရေးလုပ်ငန်းရှင်များ၊ ဖိတ်ကြား ထားသည့်ဧည့်သည်တော်များ တက်ရောက်ကြသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် စီးပွားရေးလုပ်ငန်းရှင်များ၏ ယခုအကြိမ် တွေ့ဆုံမှုသည် ဒုတိယအကြိမ်မြောက် ဖြစ်ပြီး ၂၀၁၆ခုနှစ်၊ အောက်တိုဘာလအတွင်းကလည်း ပထမအကြိမ် တွေ့ဆုံခဲ့သေးသည်။