မန်ယူ-စပါးပွဲအပြီး သတင်းစာရှင်းလင်းပွဲမှာ နည်းပြ မော်ရင်ဟိုနဲ့ ပိုချက်တီနိုတို့ ဘာတွေ ပြောသွားသလဲ

.

(ဓာတ်ပုံ - အီးပီအေ)

အိုးထရက်ဖို့ဒ်မှာ ဟယ်ရီကိန်းနဲ့ လူးကပ်စ်မိုရာတို့ရဲ့ သွင်းဂိုးတွေနဲ့အတူ စပါးအသင်းက ၃-၀ ဂိုးပြတ်နဲ့ မန်ယူကို အနိုင်ရခဲ့ပြီး နည်းပြဘဝသက်တမ်းတစ်လျှောက် အကြီးမားဆုံး အိမ်ကွင်း အရှုံးရလဒ်ကို ပိုင်ဆိုင်သွားတဲ့ နည်းပြ မော်ရင်ဟိုက သတင်းစာရှင်းလင်းပွဲမှာ ဂျာနယ်လစ်များအနေနဲ့ ‘လေးစားမှု’ရှိကြဖို့ တောင်းဆိုလိုက်ပါတယ်။

မန်ယူအသင်း ဒီရှုံးပွဲကြောင့် မော်ရင်ဟိုဟာ ပထမဆုံးအကြိမ်အဖြစ် သူ့ရဲ့ပရီးမီးယားလိဂ် ၃ ပွဲမှာ ၂ ပွဲထိ ရှုံးနိမ့်ခဲ့ပါတယ်။

“ဒီနေ့ပွဲရလဒ်က ဘယ်လောက်ဆိုတာ သိလား၊ ၃-၀၊ ၃-၀ လေ။ ဒါက ဘာကိုဆိုလိုတာလည်းဆိုတာ သိတယ်မဟုတ်လား၊ ၃-၀ ဂိုး ပေါ့။ ဒါပေမယ့် ဒါက ပရီးမီးယားလိဂ် ဖလား ၃ လုံးကို ဆိုလိုတာလည်းဖြစ်တယ်။ ဒါက ကျနော်ရဖူးတဲ့ ပရီးမီးယားလိဂ်ဖလားအရေအတွက်က ကျန်တဲ့ ၁၉ သင်းက နည်းပြတွေထက် များနေတုန်းပဲ။ ဒါကြောင့် လေးစားမှု ရှိကြပါ။ လေးစားမှုလေးထားကြပါ။ လေးစားကြပါ ကိုယ့်လူတို့ …. ”လို့ မော်ရင်ဟိုက ပြောပါတယ်။

“ကျနော့်အသင်း ကစားပုံ အရမ်းကောင်းနေပြီး နည်းဗျူဟာကျကျ ကစားခဲ့တယ်။ ဒီလူကြီးကို အပြစ်တင်ကြစို့ဆိုတဲ့ ပုံစံမျိုးနဲ့ ဒီသတင်းစာရှင်ပွဲကို ပြောင်းလဲပစ်ဖို့ ခင်ဗျာတို့ ကြိုးစားချင်ကြတယ်။

“ဝမ်းနည်းပါတယ်။ ဘယ်အရာက အရေးအကြီးဆုံးလဲဆိုတာ ခင်ဗျာတို့ ကျနော့်ကို ပြောပြဖို့လိုတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ကျနော် သေချာမသိလို့ပဲ။ ကျနော် နိုင်ပွဲတွေ ရလာတဲ့အခါ ခင်ဗျာတို့ ပျော်ရွှင်တာကို မတွေ့ရဘူး။ အရေးကြီးဆုံးအရာက ကစားပုံဖြစ်တယ်လို့ ခင်ဗျာတို့ ပြောတယ်။ မဟုတ်ဘူး … ခင်ဗျားတို့အနေနဲ့ ဘယ်အရာက အရေးကြီးဆုံးလဲဆိုတာ ကျနော် သိချင်တယ်။ ကစားပုံကောင်းဖို့လား၊ ပွဲကို အနိုင်ဖို့လား။”လို့ ပြောဆိုသွားပါတယ်။

ဒီပွဲအနိုင်ရရှိခဲ့တဲ့ စပါးအသင်းဟာ လိဂ်ပွဲစဉ် ၃ ပွဲကစား ၃ ပွဲ့စလုံးအနိုင်ရရှိခဲ့ပြီး အမှတ်ပေးဇယား အဆင့် ၂ နေရာအထိ တက်ရောက်လာနိုင်ခဲ့ပါတယ်။ မန်ယူကတော့ အဆင့် ၁၃ နေရာမှာ ရှိနေပါတယ်။

ဒီနိုင်ပွဲနဲ့ ပတ်သက်လို့ စပါးနည်းပြ ပိုချက်တီနိုက “ကျနော်တို့အတွက် ကြီးကျယ်တဲ့ အောင်ပွဲပါ။ ဒီစွမ်းဆောင်အတွက် ကျနော် အလွန်ဂုဏ်ယူမိတယ်။ အိုးထရက်ဖို့ဒ်ကွင်းမှာ မန်ယူအသင်းကို အနိုင်ယူဖို့ဆိုတာ ခက်ခဲပါတယ်။ သူတို့ဟာ ပထမပိုင်းမှာ ပိုကောင်းခဲ့ပေမယ့် နောက်ပိုင်းမှာ ကျနော်တို့ ပွဲကို စိုးမိုခဲ့ပါတယ်။”လို့ ပြောပါတယ်။

“ကျနော် သူ့ကို (မော်ရင်ဟို) လေးစားပါတယ်။ သူက အောင်နိုင်တစ်ယောက်ပါ။ သူဘာတွေ စဉ်းစားနေလဲ၊ ဘာတွေ ခံစားနေလဲဆိုတာ ခင်ဗျာတို့ကို သူ ပြောခဲ့ပါတယ်။ တကယ်ပဲ ကျနော် အားလုံးကို လေးစားပါတယ်။ ကျနော်တို့ အလုပ်က အလွန်ခက်ခဲပါတယ်။ အမှန်ပဲ ကျနော် သူ့ကို ကြည်ညိုလေးစားမှု ရှိပါတယ်။”လို့ သူက ဆိုပါတယ်။

(AFP)