ဒေါ်လာဈေးအတက်အကျတွင် မြန်မာနိုင်ငံ၏ စီးပွားရေး တောင့်တင်းခိုင်မာမှုမရှိ၍ ဂယက်ရိုက်နေဟု အတိုင်ပင်ခံပုဂ္ဂိုလ်ပြောကြား

.

ဒေါ်အောင်ဆန်းစုကြည်နှင့် စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံပွဲကို နေပြည်တော်၊ MICC-1 မှာ ၂၀၁၈ခုနှစ်၊ ဩဂုတ်လ ၂၇ရက်နေ့၊ ညနေပိုင်းမှာ ကျင်းပခဲ့ပါတယ်။ (ဓာတ်ပုံ- မင်းမင်း/မဇ္ဈိမ)

သြဂုတ် ၂၇ ။          ။ ဒေါ်လာဈေးအတက်အကျတွင် မြန်မာနိုင်ငံ၏စီးပွားရေး တောင့်တင်းခိုင်မာမှုမရှိ၍ ဂယက်ရိုက်နေခြင်း ဖြစ်ကြောင်း နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ကပြောကြားသည်။

"ဒေါ်လာဈေးအတက်အကျဖြစ်ခြင်းအကြောင်းအရင်းကတော့ ပြင်ပကနေစတာပါ။ ဒါပေမယ့် ကျွန်မတို့နိုင်ငံရဲ့ စီးပွားရေးတောင့်တင်းခိုင်မာမှုက ရှိသလောက်မရှိတဲ့ အခါကျတော့ ပိုပြီးတော့ ကျွန်မတို့အပေါ်မှာ ဂယက်ရိုက် တာဖြစ်ပါတယ်။ ဒါကြောင့်မို့ ဒါတွေမဖြစ်အောင်အားလုံးဝိုင်းပြီးကြိုးစားဖို့လည်းလိုပါတယ်" ဟု ဒေါ်အောင်ဆန်းစုကြည် ကပြောကြားသည်။

သြဂုတ်လ ၂၇ရက်က နေပြည်တော်ရှိ MICC (1)တွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် စီးပွားရေးလုပ်ငန်း ရှင်များ ဆွေးနွေးပွဲတွင် ယခုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။

လက်ရှိအချိန်တွင် ပြည်တွင်း၌ အမေရိကန်ဒေါ်လာနှင့် ပြည်တွင်းကျပ်ငွေလဲလှယ်နှုန်းသည် အတက်အကျမြန် ဆန်နေလျှင် စီးပွားရေးကို အင်မတန်ထိခိုက်စေမှာဖြစ်ကြောင်း UMFCCI ဥက္ကဋ္ဌ ဦးဇော်မင်းဝင်းက ဆွေးနွေးခဲ့ သည်။

"Exchange Rate အပေါ်မှာလည်းသုံးသပ်ပါတယ်။ သုံးသပ်တဲ့နေရာမှာ ကျွန်တော်တို့အသင်းသားတွေပေါ့။ အ ထူးသဖြင့် Importer Exporter Investor တွေပေါ့။ အားလုံးဖိတ်ခေါ်ပြီးတော့ဆွေးနွေးတဲ့အခါမှာ ဒီလို Exchange Rate နဲ့ပတ်သက်ပြီး အတက်အကျကြမ်းတဲ့အခါမှာ စီးပွားရေးကို အင်မတန်ထိခိုက်မှာဖြစ်တဲ့အ တွက် ကျွန်တော်တို့ အချက် ၄ချက်ကို ဆွေးနွေးရရှိပါတယ်" ဟု ဦးဇော်မင်းဝင်း ကပြောသည်။

ယခုကဲ့သို့ ဒေါ်လာဈေးမြင့်တက်လာမှုအတွက် ရေရှည်လုပ်ဆောင်သွားရမည့်အချက်များရှိသကဲ့သို့ ကာလလတ်၊ ကာလတို လုပ်ဆောင်ရမည့် အချက်များကိုလည်း ဆွေးနွေးဆောင်ရွက်မှုများ လုပ်ဆောင် နေကြောင်း သိရသည်။

ထို့ပြင်ကမ္ဘာပေါ်၌ ဖြစ်ပေါ်နေသည့် ဒေါ်လာဈေးနှုန်းမြင့်တက်မှုသည် မြန်မာနိုင်ငံအပေါ် သက်ရောက်မှု များကြောင်း စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ဦးဆက်အောင် ကပြောသည်။

"ရေရှည်ပြုပြင်ပြောင်းလဲရမယ့်အချက်တွေလည်း တော်တော်များပါတယ်။ ဒေါ်လာ Demand တွေ အရမ်းတက် လာပြီးတော့ တက်တဲ့ကိစ္စပေါ့။ အဲဒီထဲမှာ Exportတွေ တိုးတက်အောင်လုပ်ရမှာပါတယ်။ နောက်ပြီး Import Substitution တွေပါတယ်။ နောက်ပြီး Investment တွေတိုးတက်ရမှာပါတယ်။ ဒါကရေရှည်ကို တစ်စိုက်မတ် မတ်လုပ်သွားရမယ့်အချက်တွေဖြစ်ပါတယ်။ ရေရှည်လုပ်ရမယ့်အချက်တွေအပြင် ရေတိုလုပ်ရမယ့်အချက်တွေ ကော နောက်ပြီး ကာလလတ် လုပ်ရမယ့်အချက်အလက်တွေကောအများကြီး ဆွေးနွေးခဲ့ပါတယ်" ဟု ဦးဆက် အောင် ကပြောသည်။

လက်ရှိအချိန်တွင် မြန်မာနိုင်ငံကဲ့သို့ မက်ခရိုစီးပွားရေးအားနည်းနေသေးသည့် နိုင်ငံများတွင် ဒေါ်လာဈေး မြင့်တက်မှု၏ ရိုက်ခတ်မှုဒဏ်ကို အများဆုံးခံစားရကြောင်း အဆိုပါတွေ့ဆုံပွဲမှ သိရသည်။