ရွှေဝါရောင်တော်လှန်ရေး(၁၁)နှစ်ပြည့်ခဲ့သော်လည်း အပြောင်းအလဲများ ပေါ်ပေါက်လာခြင်းမရှိသေးဟုဆို

.

ဓာတ်ပုံ-သူရ/မဇ္ဈိမ
 

ရန်ကုန်   သြဂုတ်   ၂၇ ။         ။ ရွှေဝါရောင်တော်လှန်ရေး (၁၁) ပြည့်ခဲ့ပြီဖြစ်သော်လည်း နိုင်ငံအတွင်း အပြောင်းအလဲများပေါ်ပေါက်လာခြင်း မရှိသေးဟု ရွှေဝါရောင်ဦးဆောင်ဆရာတော် ဦးစန္ဒာသီရိက မိန့်ကြားသည်။

ရန်ကုန်မြို့သင်္ဃန်းကျွန်းမြို့နယ်ရှိ ရွှေသိမ်ဓမ္မသိင်္ဂီကျောင်းတိုက်တွင် သြဂုတ်လ ၂၇ ရက်နေ့၊ နေ့လယ်ပိုင်းက ပြုလုပ်ခဲ့သည့် နိုင်ငံလုံးဆိုင်ရာရွှေဝါရောင်တော်လှန်ရေး (၁၁)မြောက်နှစ်ပတ်လည်အခမ်းအနား ကျင်းပနိုင်ရေး ပဏာမအစည်းအဝေးတွင် မိန့်ကြားခဲ့ခြင်းဖြစ်သည်။

" ကုန်ဈေးနှုန်းတွေ ကြီးမြင့်မှုကြောင့် ရွှေဝါရောင်တော်လှန်ရေးကြီး ပေါ်ပေါက်လာခဲ့ရတယ်။ ၁၁ နှစ် မြောက်တဲ့ အချိန်မှာလည်း ကုန်ဈေးနှုန်းတွေက ကြီးမြင့်နေတုန်းပဲ။ လူနေမှုအဆင့်အတန်းတွေက ယနေ့ အချိန်အထိ နိမ့်ကျနေတုန်းပဲ။ အဲဒါတွေက ပြည်သူ့အစိုးရပါဆိုတဲ့ တာဝန်ရှိပုဂ္ဂိုလ်တွေကိုယ်တိုင်ကိုက တချို့ကိစ္စတွေမှာ ပျက်ကွက်မှုတွေ ရှိနေတယ်လို့ ဦးဇင်းတို့ ရွှေဝါရောင်သံဃာတော်တွေအနေနဲ့ မြင်တယ်။" ဟု ဦးစန္ဒာသီရိက မိန့်ကြားသည်။

ထို့အပြင် ပြည်သူ့အစိုးရအနေဖြင့် ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအောက်ကသာ ဆောင်ရွက်နေရသော ကြောင့်  သိသာထင်ရှားသည့်ပြောင်းလဲမှုများကို ဆောင်ရွက်နိုင်စွမ်းမရှိသေးကြောင်း  ဦးစန္ဒာသီရိက ဆက်လက် မိန့်ကြားသည်။

" ရွှေဝါရောင်အရေးတော်ပုံအပြီးမှာ ပြည်သူ့အစိုးရတစ်ရပ်ပေါ်ပေါက်ခဲ့တယ်။ ထူထောင်နိုင်ခဲ့တယ်။ သို့ သော်လည်းပဲ ပြည်သူ့အစိုးရ ပေါ်ပေါက်ထူထောင်နိုင်ခဲ့တဲ့အပေါ်မှာ ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ အောက်ကနေ ရွေးကောက်ပွဲဝင်ပြီး အစိုးရဖြစ်လာရတဲ့အပေါ်မှာ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေအရကို က ဒီနေ့အရပ်သားအစိုးရ၊ ပြည်သူ့အစိုးရကိုက လုပ်နိုင်စွမ်းတွေက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေက ပိတ်ပင်ခြင်း တွေ ခံနေရတဲ့အတွက် ပြောင်းလဲမှုကတော့ ပြည်သူလူထုအတွက် သိသာထင်ရှားတဲ့ ပြောင်းလဲမှုက သိပ်မရှိ ဘူးလို့ ပြောမယ်ဆို ပြောလို့ရတယ်။ "ဟု ရွှေဝါရောင်ဦးဆောင်ဆရာတော် ဦးစန္ဒာသီရိက မိန့်ကြားသည်။

ရွှေဝါရောင်တော်လှန်ရေး (၁၁) နှစ်မြောက် နှစ်ပတ်လည်အခမ်းအနားကျင်းပနိုင်ရေး ပဏာမအစည်း အဝေးတွင် ဘဏ္ဍာရေးဆိုင်ရာလုပ်ငန်းစဉ်များ၊ သံဃာပင့်ဖိတ်ရေးနှင့် အခမ်းအနားကျင်းပရေး အစီ အစဉ်များကို ဆွေးနွေးခဲ့ကြသည်။

နှစ်ပတ်လည်အခမ်းအနားကို လာမည့် စက်တင်ဘာ ၁၈ ရက်နေ့တွင် ရန်ကုန်နှင့် မန္တလေးမြို့တို့တွင် တစ်ပြိုင်နက်ကျင်းပနိုင်ရန် လျာထားပြီး အခမ်းအနားတွင် နှစ်ပတ်လည်ကြေညာချက်များ ထုတ်ပြန် သွားမည့်အပြင် နိုင်ငံ့ခေါင်းဆောင်များကိုလည်း အိတ်ဖွင့်ပေးစာများပေးပို့မည့်အစီအစဉ်များလည်း ပြု လုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ အခမ်းအနားကျင်းပမည့်အချိန်နှင့်နေရာကို အစည်းအဝေးများ ထပ်မံပြုလုပ်၍ အတည်ပြုသွားမည်ဖြစ်ကြောင်းလည်း သိရသည်။

ထို့ပြင် ပြီးခဲ့သည့်နှစ် ရွှေဝါရောင်တော်လှန်ရေး (၁၀) မြောက်အခမ်းအနားတွင် ရွှေတိဂုံဘုရားပေါ် တက်ရောက်ခွင့်မရခြင်းများရှိခဲ့ပြီး ယခုနှစ်တွင် ရွှေတိဂုံဘုရားပေါ် တက်ရောက်မည့်အစီအစဉ်ကို ထည့်သွင်းမည်မဟုတ်ကြောင်းလည်း သိရသည်။