လူငယ်တေးသံရှင် ၁၆ ဦး ပါဝင်တဲ့ ဂီတမှတ်တိုင်များ တေးစီးရီး မိတ်ဆက်

.

ရန်ကုန်၊သြဂုတ်လ ၂၇ရက် ။           ။ လူငယ်ဂီတသမား ၁၆ဦး ပါဝင်ကာ ၀ါသနာရှင် အဆိုတော်များ စုပေါင်းသီဆိုထားတဲ့ ဂီတမှတ်တိုင်များ လို့အမည်ပေးထားတဲ့ တေးစီးရီးမိတ်ဆက်ပွဲကို သြဂုတ်လ ၂၇ရက်နေ့က ရန်ကုန်မြို့Orchid ဟိုတယ် မှာပြုလုပ်ခဲ့ပါတယ်။

တေးဆို ၁၆ ဦးထဲမှာ တစ်ကိုယ်တော် တေးစီးရီးထွက်ရှိထားတဲ့သူတွေလည်း ပါဝင်နေပြီး အမျိုးသား တေးသံရှင် ၁၂ ဦးနဲ့ အမျိုးသမီးတေးသံရှင် ၄ ဦး ပါဝင်သီဆိုထားတာလည်းဖြစ်ပါတယ်။

အဆိုပါတေးစီးရီးကို ဂီတ၀ါသနာရှင် ညီအစ်ကိုမောင်နှမတွေနဲ့ စုပေါင်းအကောင်ထည်ဖော်ခဲ့တာဖြစ်ပြီး Rock ဂီတအမျိုးအစား တေးသီချင်းများ၊ Pop သီချင်းများ ပါဝင်နေတယ်လို့ သိရပါတယ်။

" ဒီအခွေလေးကို ဂီတ၀ါသနာပါတဲ့ ညီအကိုမောင်နှမတွေနဲ့ အကုန်စုစည်းပြီးလုပ်ဖြစ်ခဲ့တာပါ။ အခုလို အကောင်ထည်ပေါ်သွားလို့ ၀မ်းသာပါတယ်။ စီးရီး Tittle ကိုတော့ အားလုံးအတွက်ကိုယ်စားပြုပြီးတော့ ဂီတမှတ်တိုင်များလို့ ပေးထားတာပါ။ အသစ်သစ်တွေလည်းပါနေတော့ သူတို့အတွက်လည်းမှတ်တိုင် တစ်ခု ဖြစ်လာအောင် သူတို့ရဲ့ ၀ါသနာနဲ့ ကြိုးစားမှုတွေကို မှတ်တိုင်လေးတစ်ခုစိုက်ထူတဲ့ ပုံစံမျိုး သဘောမျိုး အနေနဲ့ ဂီတမှတ်တိုင်ဆိုပြီး စီးရီးအယ်လ်ဘမ်ပေးထားတာပါ" လို့ စီစဉ်သူ တေးသံရှင် ကိုဘိုအောင်ကဆိုပါတယ်။

ဂီတမှတ်တိုင်များ တေးစီးရီးကို ဘိုဘို မြူးဇစ်ပရိုတက်ရှင်းကနေ ထုတ်လုပ်ဖြန့်ချီမှာဖြစ်ပြီး အခွေထုတ်နိုင်ဖို့ အတွက် တစ်နှစ်ခန့် အချိန်ယူစီစဉ်ခဲ့တယ်လို့ သိရပါတယ်။ အဆိုပါတေးစီးရီးကို စက်တင်ဘာ ၁ ရက်နေ့မှာ Audio CD အနေနဲ့ ထွက်ရှိမှာ ဖြစ်ပါတယ်။