မန္တလေးမြို့တွင်း သေနတ်ပစ်လုယက်မှုအတွက် ရမန်ယူ၊ ခရိုင်ရုံးတွင် စစ်ဆေးမည်

.

မန္တလေး၊ သြဂုတ် ၂၇ ။          ။ မန္တလေးမြို့မှာ ပြီးခဲ့တဲ့ သြဂုတ်လ ၁၃ရက်နေ့က ဖြစ်ပွားခဲ့တဲ့ သေနတ်ပစ်ခတ်လုယက်ခဲ့သူတစ်ဦးကို သြဂုတ်လ ၂၇ ရက်၊မနက် ၁၁ နာရီက ချမ်းမြသာစည်မြို့နယ် တရားရုံးမှာ ဒုတိယရမာန် ရယူခဲ့ပြီး လာမယ့် စက်တင်ဘာလ ၁၀ ရက်နေ့ မန္တလေးခရိုင်တရားရုံးမှာ ရုံးတင်စစ်ဆေးသွားမယ်လို့ သိရပါတယ်။

ဆိုင်ကယ်ဖြင့် ဘဏ်တစ်ခုမှ ငွေထုတ်ပြန်လာသူ နှစ်ဦးရဲ့ လက်ကိုင်အိတ်ကို လုယက်ပြီး သေနတ်ဖြင့် ပစ်ခဲ့ခြင်းဖြစ်ပြီး သေနတ်ပစ်ခတ်ခံရသူများမှာ မြရည်နန္ဒာရပ်ကွက် အတွင်းမှာ ခေါင်ရည်ဆိုင်ဖွင့်လှစ်ထားတဲ့ လီလျှီချမ်း(ခ)ဇော်လင်းနှင့် မယွမ်ဖိန်း(ခ)မဟော်လောက်ဖိန်း တို့ဖြစ်ပါတယ်။

သေနတ်ပစ်ခတ်မှုကြောင့် မယွမ်ဖိန်း(ခ)မဟော်လောက်ဖိန်းမှာ ဦးခေါင်းတွင် ထိမှန်၍ နေရာတွင် သေဆုံးခဲ့ခြင်း ဖြစ်ပြီး လီလျှီချမ်း (ခ) ဇော်လင်းမှာ သေနတ်ဒဏ်ရာရရှိခဲ့ကာ မန္တလေးပြည်သူ့ဆေးရုံကြီးမှာ တက်ရောက် ကုသနေဆဲ ဖြစ်တယ် လို့လည်း သိရပါတယ်။

သေနတ်ဖြင့် ပစ်ခတ်ခဲ့သူမှာ ပုသိမ်ကြီးမြို့နယ်၊အုန်းချောကျေးရွာမှာ နေထိုင်သူဖြစ်ကာ ပန်းရန်လုပ်ငန်းလုပ်သူ ခွန်ကောလာ(၃၇ )နှစ်ဖြစ်ပြီး သူ့ထံကနေ စပိန်နိုင်ငံလုပ် ပွိုင့် 32 ပစ္စတိုတစ်လက်၊ ပွိုင့် 32 ကျည်နှင့် 9mm ကျည် ၂၂ တောင့်၊ ကျည်ထိပ်ဖူးတစ်ခု၊ ကျည်အိတ်နှစ်ခုတို့သိမ်းဆည်းရမိတယ်လို့သိရပါတယ်။

အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး အောင်ပင်လယ်ရဲစခန်းက ပြစ်မှုကျူးလွန်ခဲ့သူကို ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၉၄၊ ပုဒ်မ ၃၀၂ တို့နဲ့ အမှုဖွင့်အရေးယူခဲ့တာလည်း ဖြစ်ပါတယ်။

ချမ်းမြသာစည်မြို့နယ်တရားရုံးမှပြောရေးဆိုခွင့်ရှိသူတစ်ဦးက "ဒါကတရားရုံးလုပ်ငန်းလည်း မဟုတ်ပါဘူး။ ရဲလုပ်ငန်းပါ။ တရားရုံးနဲ့လည်း မဆိုင်ဘူး။ ရဲတွေက စုံစမ်းစစ်ဆေးဖို့အတွက် ရမန်ယူတာ။ ပုဒ်မ ၃၀၂နဲ့၃၉၄နဲ့ ရမန်ယူတာ။ တရားစွဲတင်မှာက မန္တလေးခရိုင် တရားရုံးမှာ စက်တာဘာလ ၁၀ ရက်နေ့"လို့ ပြောပါတယ်။

ဒီ ပစ်ခတ်မှုအတွက် မန္တလေးမြို့နေထိုင်သူတွေအကြား စိုးရိမ်စရာဖြစ်ခဲ့ပြီး မြို့တွင်း လူစည်းကားချိန်ဖြစ်သော နေ့ခင်းအချိန် ပစ်ခတ်မှုအတွက် ဝေဖန်နေကြတာလည်း ဖြစ်ပါတယ်။