တစ်ဖြည်းဖြည်း ခြိမ်းခြောက်လာသော

တစ်ဖြည်းဖြည်း ခြိမ်းခြောက်လာသော

ရပ်ကွက်ဓမ္မာရုံကိစ္စများဖြင့် တစ်နေ့လုံး အလုပ်ရှုပ်နေသဖြင့် ညနေမှောင်မှ အိမ်ရောက်ဖြစ်သည်။ အိမ်ရောက်၍ ခေတ္တနားပြီး သတင်းစာ ဖတ်နေစဉ် Daily Eleven နေ့စဉ်သတင်းစာထဲ၌ “ရွှေဘိုခရိုင် ခုတင် ၂၀၀ ဆံ့ဆေးရုံတွင် သွေးလွန်တုပ်ကွေးလူနာ အများအပြားရှိနေပြီး နေရာမလုံလောက်မှုကြောင့် အခက်အခဲများစွာ ကြုံတွေ့နေ” ဟူသော သတင်းခေါင်းစဉ်ဖြင့် သတင်းစာ ဖတ်နေစဉ် စာရေးသူနှင့် မလှမ်းမကမ်းတွင် ကျောင်းစာဖတ်နေသော မြေးလေးထံမှ ခြင်ရိုက်သံ ကြားရသည်-

``ဖြန်း´´

လက်ထဲတွင် ပုတီးကိုင်၍ ဘုရားရှိခိုးရန် ပြင်နေသော အဖွားက-

``ဟဲ့-ငါ့မြေး၊ ခြင်တွေကို မရိုက်နဲ့၊ ငရဲကြီးလိမ့်မယ်´´

``ခြင်တွေက အများကြီးအဖွားရဲ့ သွေးလွန်တုပ်ကွေး ဖြစ်နေဦးမယ်´´

``ဟဲ့- အိမ်ထဲမှာ ဘယ်သူရှိလဲ၊ ငါ့မြေးကို ခြင်ဆေး ထွန်းပေးလိုက်ကြပါဦး´´

အဖွားနှင့် မြေး နှစ်ဦးသား၏ ခြင်နှိမ်နှင်းရေးအမြင် ကွာဟမှုအပေါ် တွေးကြည့်ရင်း သတင်းစာဆောင်းပါးကို ဆက်ဖတ် ဖြစ်သည်။ သတင်းအကျယ်တွင် ရွှေဘိုနယ်အချို့ကျေးရွာများ၌ တစ်ရွာလုံး ကလေးငယ်များ သွေးလွန်တုပ်ကွေး ရောဂါ ခံစားနေရပြီး တစ်ရာသီအတွင်း ဒုတိယအကြိမ် ထပ်မံဖြစ်ပွားခြင်း ဖြစ်၍ သေဆုံးသူများလည်း ရှိကြောင်း၊ ကုတင် ၂၀၀ ဆံ့ ဆေးရုံတွင် သွေးလွန် တုပ်ကွေးရောဂါဖြင့် တက်ရောက်ကုသသည့် ကလေး ရာနှင့်ချီ ရှိကာ နေရာမလုံလောက် သဖြင့် ကြမ်းပြင်ပေါ်တွင် စောင့်ဆိုင်းကုသရကြောင်း ဓာတ်ပုံနှင့်တကွ ဖော်ပြထားသည်။

ရွှေဘိုမြို့ခံ ဦးသိင်္ဃ က စာသင်ကျောင်းတွေ ပိတ်ထားချိန် ခြင်ဆေးဖျန်းဖို့ ပညာရေးရုံးကို သွားပြောတော့ ကျောင်း ကျန်းမာရေး ရှိသည်ဟု ငြင်းခဲ့ကြောင်း၊ မြို့စွန်ရပ်ကွက်တစ်ခုမှ အုပ်ချုပ်ရေးမှူးထံ သွားပြန်တော့လည်း သူ တာဝန် မယူနိုင်ဘူး ဆိုကြောင်း ဖတ်ရသည်။ သွေးလွန်တုပ်ကွေး ပပျောက်ရေး ပူးပေါင်းဆောင်ရွက်သင့်သော ဌာနတစ်ခု၏ တာဝန်မဲ့မှုနှင့် စီမံခန့်ခွဲရေးတာဝန်ရှိသူ အုပ်ချုပ်ရေးမှူးတို့၏ တာဝန်မဲ့မှုများသည် နိုင်ငံသားများထံ ကျရောက်သော ရောဂါဘေးအန္တရာယ် ကာကွယ်ရေးစာမျက်နှာတွင် အကျည်းတန်အရုပ်ဆိုးလွန်းသည်ဟု ဆိုရမည်။

သွေးလွန်တုပ်ကွေးရောဂါကား ရွှေဘိုခရိုင်တစ်ခုတည်းမဟုတ်၊ မြန်မာနိုင်ငံ တစ်နံတစ်လျား တစ်မျိုးသားလုံးကို စိန်ခေါ်နေသော ရောဂါတစ်ခု။သွေးလွန်တုပ်ကွေးရောဂါက ခြင်ကြားပေါက်သော မိုးရာသီမှာ အများဆုံးဖြစ်သည် ဆိုပေမဲ့ ယခုတော့ တစ်နှစ်ပတ် လုံး ဖြစ်ပွားလျက်ရှိပြီ။ မိုးမကျမီကလေးက စာရေးသူတို့ ရပ်ကွက်ဓမ္မာရုံအဖွဲ့ဝင် အငြိမ်းစား ရဲမှူးကြီးတစ်ဦး သွေးလွန် တုပ်ကွေးဖြစ် ၍ဆေးရုံလေးငါးရက် တက်လိုက်ရသေးသည်။

သို့ဖြစ်၍လည်း သွေးလွန်တုပ်ကွေး ရောဂါကား အချိန်မရွေး၊ အသက်အရွယ်မရွေး၊ နေရာမရွေး အန္တရာယ်ပေးနိုင် သည့် တစ်မျိုးသားလုံး၏ ရန်သူဖြစ်၍နေပြီ။ တစ်မျိုးသားလုံး၏ ရန်သူဖြစ်နေပြီ ဆိုတော့ပြည်သူတစ်ရပ်လုံး၏ ပုခုံးပေါ်တွင်လည်းတာဝန်က ကျလာသည်။ သို့ဆိုလျှင် သွေးလွန်တုပ်ကွေး နှိမ်နင်းရေးမှာ ရပ်ကွက်ထဲရှိ အိမ်တိုင်း အိမ်တိုင်း၏ တာဝန်လည်း ဖြစ်၏။ မြန်မာလူမျိုး တို့ နေထိုင်မှု ပုံစံက အတော်ရှုပ်ရှုပ်ထွေးထွေးနိုင်သည်။ အိမ်ပတ်ဝန်းကျင်မှာ မြက်တွေ ဘယ်လောက် ထူထူ၊ အမှိုက်တွေ ဘယ်လောက် ပုံနေပုံနေ၊ အေးအေးဆေးဆေးပဲ။

ခွက်စုတ်၊ တောင်းစုတ် ပလုံးစုတ်၊ သစ်တိုသစ်စ ဆိုလည်း အိမ်တိုင်း အိမ်တိုင်း ရရာနေရာလေးတော့ ပုံလိုက်သေး။ ဒါတွေက ခြင်တွေ ပေါက်ဖွားရာ နေရာတွေ။ သည်ခြင်ပေါက်တဲ့နေရာတွေ၊ အိမ်ရှေ့ ကရေမစီးတဲ့ ရေမြောင်းတွေ ရှင်းဖို့ဝေးစွ၊ ဘုရားစင်က ဘုရားပန်းအိုးတောင် နှစ်ရက် တစ်ခါ ရေလဲဖို့ အနိုင်နိုင်ဆိုတော့ ကျန်းမာရေးဝန်ကြီးဌာနက ဆောင်ရွက်နေတဲ့ ဖုံး၊ သွန်၊ လဲ၊ စစ် လောက်နဲ့တော့ အရာမထင်လောက်ဟု ဆိုရမည်။

သွေးလွန်တုပ်ကွေးတွေ အဖြစ်များလာတော့ စာရေးသူတို့ ရပ်ကွက်ထဲ ဆေးဖျန်းတဲ့သူ နှစ်ဦး ရောက်လာတာ တွေ့ ရသည်။ ကျောမှာလည်း ဆေးဘူးကြီးတွေ လွယ်လို့၊ စာရေးသူက အိမ်ရှေ့ခြံထဲမှာ ပက်လက်ကုလားထိုင်နဲ့ သတင်းစာဖတ် နေတုန်း အိမ်ရှေ့က  မြောင်းထဲကို ဆေးဖျန်းတဲ့အတံနှင့် နှစ်ခေါက်လောက် ပက်လိုက်တာ မြင်လိုက်ရသည်။ ပြီးတော့ တစ်ယောက်က-

``အန်ကယ် နေကောင်းလား´´

``အေး…ကောင်းပါတယ်ကွာ´´

``ပလပ်စတစ်ဘူး ရှိရင် ပေးပါလား၊ သားတို့ ထည့်ပေးခဲ့မယ်၊ လက်ဖက်ရည်ဖိုးပဲ ပေးပါ´´

စာရေးသူ ဘာလုပ်ရမှန်းမသိ ဖြစ်သွားသည်။ အရင် လေးငါးနှစ်က လာပြီး ခြင်ဆေးဖျန်းတဲ့လူတွေကလည်း သည်လို အပြောမျိုးနဲ့ပဲ။ ကိုယ်တောင် ဂျပိုးသတ်ရန် ရည်ရွယ်ပြီး ရေသန့်ဘူးလေးနှင့် ဝယ်ထား လိုက်သေး။ နှစ်တွေ ကြာခဲ့ပြီ၊ အခုထိ မပြောင်းလဲသေးတာ ဘာကြောင့်လဲ။ စီးပွားရေးကျပ်တည်းမှုလား၊ ဌာန၏ လုပ်ပိုင်ခွင့်ကို မိမိ၏ ရပိုင်ခွင့်ဟု ထင်နေခြင်းလား၊ စိတ်ဓာတ် မပြောင်းလဲတာလား၊ ကိုယ်လည်း ဝန်ထမ်းဘဝနဲ့ ကြီးပြင်းလာရသူဆိုတော့ သက်ပြင်းတစ်ချက်ချရင်း-

``သြော်… သူူတို့က အောက်ဆုံးအဆင့် ဆိုတော့လည်း ဒီလောက်တော့ ရှိမှာပေါ့´´ ဟူ၍ ကိုယ့်ကိုကိုယ် ဖြေသိမ့် ရင်း။

နောက်ထပ် ခြင်ပေါက်ဖွားရာ နေရာတစ်ခုက ရေမြောင်းပုပ်တွေ၊ စာရေးသူတို့ ဒဂုံမြောက် ရပ်ကွက်တွေက မိုးရွာရင် ခြံထဲမှာ ရေတွေက အဖွေးသား။ အရင် လေးငါးနှစ်က အိမ်ရှေ့ရေမြောင်း ကနွေ မှာရေခမ်းသည်။  အခုတော့...နွေရော မိုးပါ ရေက အပြည့်။

ရေမစီးရတဲ့ အကြောင်းကလည်း အများသား။ ဒဂုံ စတည်ကတည်းက ယနေ့အထိ ရပ်ကွက်လမ်းတွေထဲ မြောင်း ကိစ္စနဲ့ ပတ်သက်လို့ စည်ပင်က ပေါ်မလာခဲ့။ အခုတလော စည်ပင် ကန်ထရိုက်တာတွေ မြောင်းကူးတံတားတွေ ဆောက်ကြ၊ လက်စက မသတ်တော့ မြောင်းတွေ ပိတ်ရသည်က တစ်ကြောင်း။ လမ်းတွေ လမ်းတွေထဲ တိုးချဲ့ဆောက်လာတဲ့ တိုက်တွေ ကလည်း အိမ်အဝင် မြောင်းကူးတံတားဆောက်တဲ့အခါ မြောင်းကို ပြန်မဖော်တော့။ နောက်ဖေးလမ်းကြားဆိုရင် ပလတ်စတစ်တွေ အမှိုက်သရိုက်တွေ၊ မြက်တွေနဲ့ ခြင်တို့ရဲ့ ကမ္ဘာတစ်ခု။
စာရေးသူက အိမ်ရှေ့က မြောင်းထဲမှကန်စွန်းပင်တွေ၊ နုံးတွေ ဆယ်ရင်း ဘေးအိမ်က မိတ်ဆွေကို-

``ခင်ဗျား အိမ်ရှေ့မြောင်းထဲလည်း သစ်ရွက်တွေ၊ နုံးတွေ ရှင်းဖို့ကောင်းတယ်ဗျာ´´ ဟုပြောမိသည်။ သူက-

``သူများအိမ်ရှေ့က မြောင်းတွေက ပိတ်နေတော့ ကျုပ် ဖော်လည်း ရေကန်လိုပဲ ဖြစ်နေမှာမို့ မထူးပါဘူးဗျာ´´ ဟူ၍။ ဟုတ်တော့လည်း ဟုတ်သည်ပဲ။ သို့ပေမင့် သည်လိုအခြေအနေတွေ၊ သည်လို အတွေးတွေနဲ့ စဉ်းစားနေကြရင်တော့ ရပ်ကွက်ကြီးတစ်ခုလုံး ခြင်တို့ရဲ့ကမ္ဘာ ဖြစ်နေတော့မည်ပေါ့။ သည်ခြင်ကမ္ဘာကြီး ပပျောက်ဖို့ဆိုရင်၊ ပြည်သူတွေကို ပူးပေါင်း ပါဝင်စေချင်ရုံနဲ့တင် မလုံလောက် ။သွေးလွန်တုပ်ကွေး သယ်ဆောင်လာတဲ့ ခြင်ကြားတွေရဲ့ ကမ္ဘာကို အမှန်ကင်းစင်စေချင် တယ် ဆိုရင်တော့ စီမံခန့်ခွဲရေး အာဏာရှိတဲ့ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးတို့၊ ရပ်ကွက်သာယာရေး ကော်မတီတို့၊ မြို့နယ် စည်ပင်သာယာရေးကော်မတီတို့နဲ့ ကျန်းမာရေးဌာနတို့ရဲ့ ဦးဆောင်မှုမှတစ်ပါး အခြား မရှိနိုင်ပါ။

ယင်းကဲ့သို့ ရပ်ကွက်အတွင်းမှ ခြင်ကမ္ဘာအသီးသီးကို မနှိမ်နင်းနိုင်၍လည်း ရန်ကုန်တိုင်းဒေသကြီးအတွင်း ဇန်နဝါရီ လမှ ဇွန်လ ပထမအပတ်အထိ သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၁,၁၀၀ ကျော်ရှိပြီး လသား အရွယ် ကလေးတစ်ဦး အပါအဝင် ၆ ဦး သေဆုံးခဲ့သည်။

ကချင်ပြည်နယ်အတွင်း မိုးညှင်းမြို့နယ်တွင် မေလ ၂၆ ရက်က စတင်ဖြစ်ပွား၍ နှစ်လကျော်အတွင်း ၄၉၆ ဦး ဖြစ်ပွားကာ ၅ ဦး သေဆုံးခဲ့သည်။ တစ်နိုင်ငံလုံး အတိုင်းအတာအရ ယခုနှစ်သွေးလွန် တုပ်ကွေးရောဂါ ဖြစ်ပွားမှုမှာ ယခင် ၂၀၁၄ ခုနှစ်ကထက် နှစ်ဆများသည် ဟုဆို၏။ ၂၀၁၄ ခုနှစ်တွင် သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားသူ ၁၃,၈၀၆ ဦး ရှိ၍ ၈၉ ဦး သေဆုံးခဲ့ကြောင်းနှင့် ၂၀၁၅ ခုနှစ်၊ သြဂုတ်လအထိ ၃၀,၀၀၀ ကျော်ဖြစ်ပွားခဲ့ပြီး ၁၀၀ ကျော်အထိ သေဆုံးခဲ့ကြောင်း သိရှိရသည်။

ယင်းသို့ မြန်မာနိုင်ငံ တစ်နံတစ်လျား အသက်ဆုံးရှုံးမှုများလာသည့် သွေးလွန်တုပ်ကွေးရောဂါကို ကမ္ဘာအနှံ့ ကာကွယ်ရေး လုပ်ငန်းများ ဆောင်ရွက်နေသော်လည်း သွေးလွန်တုပ်ကွေး ဖြစ်ပွားမှုက ကမ္ဘာနှင့်အဝှမ်း မြင့်တက်လာ သည်ဟု ဆို၏။ ကမ္ဘာ့လူဦးရေ သန်းပေါင်း ၂,၅၀၀ သည် သွေးလွန်တုပ်ကွေး ဖြစ်ပွားနိုင်သည့် နေရာများတွင် နေထိုင်နေ ကြရသည်ဟု ဆို၏။

၁၉၈၅ ခုနှစ်ခန့်က “သွေးလွန်တုပ်ကွေး ကင်းစင်နိုင်ငံ” ဟုပင် ကြေညာနိုင်ခဲ့သော စင်ကာပူနိုင်ငံပင်လျှင် ၂၀၁၃ ခုနှစ်၌ အကြီးအကျယ် ပြန်လည်ဖြစ်ပွားခဲ့သည်။ ကမ္ဘာ့ရာသီဥတုအပြောင်းအလဲနှင့် လူနေမှုစနစ် အပြောင်းအလဲများကြောင့် ဟုလည်း ဆို၏။

မြန်မာနိုင်ငံအနှံ့ ကလေး၊ လူကြီးပါမကျန် ခြိမ်းခြောက်လျက်ရှိသော သွေးလွန်တုပ်ကွေးရောဂါ ပပျောက်ရေး အတွက် ရွှေဘိုမြို့ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီး၏ ပြောကြားချက်များကား တာဝန်ရှိသူများအတွက် မှတ်သား ဆောင်ရွက်စရာ ကောင်းလှ၏။

“သွေးလွန်တုပ်ကွေးရောဂါ ပပျောက်ဖို့ ဆိုရင် ဖုံး၊ သွန်၊ လဲ၊ စစ် လောက်နဲ့ ဖြေရှင်းလို့ မရဘူးဆိုတာ ပေါ်လွင် ပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့လူနေမှုနဲ့ ကျန်းမာရေးအသိပညာကို ပြောင်းလဲပစ်နိုင်မှ ရမှာပါ။အခု ဖြစ်နေတဲ့ ပြဿနာကို ဖြေရှင်းဖို့ စည်ပင်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးရေးတို့လို ဌာနတွေအပြင် နိုင်ငံတော်အဆင့် စီမံချက်နဲ့ သွားသင့်ပြီ။ ဒီနှစ်ဆိုရင် သွေးလွန်တုပ်ကွေး ရာသီက ၃ လလောက် ကြာမြင့်နေပြီ။ ဒီရောဂါဖြစ်ပွားမှုကြောင့် နိုင်ငံ့ဘဏ္ဍာရော၊ ပြည်သူလူထုရဲ့ ငွေကြေးရော ဆုံးရှုံးမှု အင်မတန် များလွန်းပါတယ်”

အမှန်ပင်။ သွေးလွန်တုပ်ကွေးရောဂါ မြင့်တက်မှုနှုန်းကို ကျန်းမာရေးဝန်ကြီးဌာန တစ်ခုတည်းဖြင့် ဖြေရှင်းနိုင်မည် မဟုတ်ဘဲ နိုင်ငံတော်အဆင့် စီမံချက်တစ်ရပ် မဖြစ်မနေ ရေးဆွဲ၍ တိုက်ဖျက်ခြင်းဖြင့် သာလျှင်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly

Tags