အမိန့်ချမည့် တရားသူကြီး နေမကောင်းဖြစ်၍ ရိုက်တာသတင်းထောက်၂ ယောက်အမှု ရက်ရွှေ့

.

ဓာတ်ပုံ-သက်ကို

ရန်ကုန် ၊ သြဂုတ် ၂၇ ။           ။ နိုင်ငံတော်လျှို့ဝှက်ချက်များ အက်ဥပဒေဖြင့် တရားစွဲဆိုခံထားရသည့် ရိုက်တာသတင်းထောက်များအမှုမှ တရားသူကြီး ဦးရဲလွင် နေမကောင်းဖြစ်နေသောကြောင့် အပြီးသတ်အမိန့်မချဖြစ်ဘဲ နောက်တစ်ပတ် ရုံးချိန်းသို့ ထပ်မံရွှေ့ဆိုင်းလိုက်သည်။

“၂၄ ရက်နေ့ကတည်းက တရားသူကြီး ဦးရဲလွင်က နေမကောင်းဖြစ်နေတဲ့အတွက် လာမယ့် စက်တင်ဘာ ၃ ရက်နေ့ကို ချိန်းတယ်ဆိုပြီး ပြောတယ်” ဟု ရိုက်တာသတင်းသမားဘက်မှ လိုက်ပါဆောင်ရွက်သည့် တရားလွှတ်တော် ရှေ့နေ ဦးသန်းဇော်အောင်က ဆိုသည်။

ရိုက်တာသတင်းထောက် ကိုဝလုံး နှင့် ကိုကျော်စိုးဦးတို့ နှစ်ဦး၏ လက်ထဲတွင်လျှို့ဝှက်စာရွက်စာတမ်းများတွေ့ရှိခဲ့သည်ဟု ဆိုပြီး အစိုးရက ထောင်ဒဏ် ၁၄ နှစ်အထိ ပြစ်ဒဏ်ချမှတ်နိုင်သည့်   နိုင်ငံတော်လျှို့ဝှက်ချက်များအက်ဥပဒေဖြင့် တရားစွဲဆိုထားခြင်းဖြစ်သည်။

“ဖမ်းဆီးချုပ်နှောင်ခံထားရတဲ့သူတွေအဖို့ တစ်ရက်ပဲ ရွေ့လိုက်သည်ဖြစ်စေ၊ နှစ်ရက်ပဲရွေ့လိုက်သည်ဖြစ်စေ သူတို့အပေါ် စိတ်ပိုင်းဆိုင်ရာအရ အရမ်းထိခိုက်စေတယ်။ သူ့မိသားစုအပေါ်မှာလည်း ထိခိုက်စေတယ်။ သူတို့ရဲ့ အခွင့်အရေး ထိခိုက်တာပေါ့” ဟု ရန်ကုန်သတင်းစာပညာ သင်တန်းကျောင်း တည်ထောင်သူလည်းဖြစ်၊ ဝါရင့်သတင်းစာဆရာလည်း ဖြစ်သူ ဦးရဲနိုင်မိုးက ရုံးချိန်းရွှေ့ဆိုင်းလိုက်သည့်အပေါ် သုံးသပ်ပြောဆိုသည်။

ယနေ့ အမိန့်ချမှတ်မည့်ရုံးချိန်းကို အမေရိကန် သံအမတ်အပါအဝင် နိုင်ငံတကာ သံတမန်များ စိတ်ပါဝင်စားသူများ လာရောက်ခဲ့ကြသည်ကို တွေ့မြင်ခဲ့ရသည်။ ဖမ်းဆီးခံထားရသည့် ကိုကျော်စိုးဦး မိသားစုဝင်များ လာရောက်ခဲ့သော်လည်း ကိုဝလုံး၏ အမျိုးသမီးသည် မကြာမီရက်ပိုင်းမှ ကလေးမွေးဖွားထားသောကြောင့် လာရောက်နိုင်ခဲ့ခြင်းမရှိပေ။

မော်ကွန်းမဂ္ဂဇင်း အယ်ဒီတာတစ်ဦးဖြစ်သူ ဦးဇေယျာလှိုင်က “အခုလည်း ဇာတ်ညွှန်းကို ဘယ်လိုပြောင်းမလဲဆိုတာ မသိသေးဘူး။ အရာအားလုံးက လက်ထဲမှာ ဥပဒေနဲ့အညီဆိုပြီး ခေါင်းစဉ်တပ်ပြီး လုပ်လို့ရတဲ့အနေအထားတွေ အများကြီး ဖြစ်နေတာကိုး ဆိုတော့ အခုလည်း ဘယ်လိုဇာတ်ညွှန်းနဲ့ ထွက်လာမလဲဆိုတာကို စောင့်ကြည့်ရဦးမယ်” ဟု ဆိုသည်။

ရိုက်တာသတင်းဌာနမှ ကိုဝလုံး(ခ)ကိုသက်ဦးမောင်နှင့် ကိုကျော်စိုးဦး(ခ)ကိုမိုးအောင်တို့ကို မောင်တောမြို့နယ် လုံခြုံရေးရဲတပ်ဖွဲ့ အစီရင်ခံစာမိတ္တူအချို့ကို လက်ဝယ်တွေ့ရှိသည်ဟုဆိုကာ ပြီးခဲ့သည့် ၂ဝ၁၇ ခုနှစ်၊ ဒီဇင်ဘာ ၁၂ ရက်၊ ည ၉ နာရီခန့် အချိန်တွင်  ထောက်ကြန့်နယ်မြေရဲစခန်းမှ ရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။

ထိုသို့ဖမ်းဆီးခဲ့ပြီးနောက် အစိုးရလျှို့ဝှက်ချက်များ အက်ဥပဒေပုဒ်မဖြင့် ခရိုင်တရားရုံးသို့ တရားစွဲတင်ပို့ကာ စစ်ဆေးနေခြင်းဖြစ်သည်။

သတင်းထောက် ၂ ဦးအား အဆိုပါ စာရွက်စာတမ်းများကို လုံခြုံရေးရဲတပ်ဖွဲ့ခွဲမှ ဒုရဲမှူးမိုးရန်နိုင်နှင့် ရဲတပ်ကြပ်ကြီး ခင်မောင်လင်းတို့ ၂ ဦးက ပေးအပ်ခဲ့ခြင်းဖြစ်ကြောင်း   ပြည်ထဲရေးဝန်ကြီးဌာနထုတ်ပြန်ချက်တွင် ပါရှိသည်။

အဆိုပါ အမှုနှင့်ပတ်သက်ပြီး စစ်ဆေးပြီးစီးခဲ့သည့် တရားလိုပြသက်သေ ၂၂ ဦးတွင်ပါဝင်သော ဒုရဲမှူးဟောင်း မိုးရန်နိုင်က ရိုက်တာသတင်းထောက်နှစ်ဦးကို ထောင်ချောက်ဆင် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး ထိုသို့ ဖမ်းဆီးရန်အတွက် ရဲမှူးချုပ်တင်ကိုကိုက ဦးစီးကွပ်ကဲခဲ့ခြင်းဖြစ်ကြောင်း ပြီးခဲ့သည့် ဧပြီလ ၂ဝ ရက်နေ့က တရားလိုပြသက်သေအဖြစ် ထွက်ဆိုမှုများရှိခဲ့သည်။

နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ဂျပန်နိုင်ငံ၊ တိုကျိုအခြေစိုက် NHK သတင်းဌာနနှင့် အင်တာဗျူးတစ်ခုတွင် ရိုက်တာသတင်းထောက်နှစ်ဦးမှာ ရခိုင်ပြည်နယ် အရေးကိစ္စများအား ဖော်ထုတ်ခဲ့သဖြင့် ဖမ်းဆီးခံရခြင်းမဟုတ်ဘဲ နိုင်ငံတော်၏ လျှို့ဝှက်ချက်ကို ချိုးဖောက်ခဲ့သည့်အတွက် ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း ဖြေဆိုထားသည်ကို NHK သတင်းဌာန၏ ပြီးခဲ့သည့်ဇွန်လ ၈ ရက်နေ့ သတင်းတွင် တွေ့ရသည်။