ဆန္ဒပြကချင်လူငယ် ၃ ဦးကို နောက်ရုံးချိန်းတွင် စွဲချက်တင်၊ မတင် အမိန့်ချမည်

.

ရန်ကုန်၊ သြဂုတ် ၂၇ ။           ။ တပ်မတော်နှင့် ကချင်လွတ်လပ်ရေးအဖွဲ့ (KIA) တို့ကြား၂၀၁၈ ခုနှစ်ဧပြီလအတွင်း ဖြစ်ပွားခဲ့သည့် တိုက်ပွဲ များကြောင့် ပိတ်မိနေသူများ အမြန်လွတ်မြောက်ရန်အတွက် ဦးဆောင်ဆန္ဒပြခဲ့သည့် ကချင်လူငယ် ၃ဦးကို စွဲချက် တင်၊ မတင်ကိစ္စအား မြစ်ကြီးနားမြို့နယ်တရားရုံးမှ လာမည့် စက်တင်ဘာ ၃ ရက် ရုံးချိန်းတွင် အမိန့် ချသွားရန်ရှိကြောင်း စွပ်စွဲခံရသူများ၏ ရှေ့နေ ဦးမုန်ဆိုင်တူး ကပြောသည်။

“ နောက်ရုံးချိန်း ၃ ရက်နေ့အမိန့်ချမယ်။ စွဲချက်အမိန့် “ ဟု ၄င်းကဆိုသည်။

အဆိုပါဆန္ဒပြ ဦးဆောင်သူများဖြစ်သည့် ဦးဇော်ဂျတ်၊ ဦးလွမ်းဇောင်းနှင့် ဒေါ်နန်ပူတို့ ၃ ဦးမှ “ တဖက်သတ် ထိုးစစ်ဆင်မှုကြောင့် ရွာသားများ ထွက်ပြေး ခဲ့ရကြောင်း” ၊ “ ပိတ်မိနေသော ပြည်သူများကို လမ်းကြောင်း ဖွင့်ပေးရန်သည် တပ်မတော်၏ တာဝန်သာဖြစ်ကြောင်း” ၊ “ လေယာဉ်နှင့် ဗုံးကြဲခြင်း ချက် ချင်းရပ်” ဟူသော အသုံးအနှုန်းများကို သုံးစွဲခဲ့သည်ဟုဆိုကာ မြောက်ပိုင်းတိုင်းစစ်ဋ္ဌာနချုပ်မှ ဒုတိယဗိုလ်မှူးကြီး မျိုးမင်းဦးက တရာလို ပြုလုပ်ကာအသရေဖျက်မှု ပုဒ်မ (၅၀၀) ဖြင့် တရားစွဲဆိုခံထားရခြင်း ဖြစ်သည်။

ယင်းအမှုတွင် တရားလိုဘက်မှ တင်သွင်းသည့် သက်သေ ၄ ဦးရှိပြီး သက်သေ ၃ ဦးကို စစ်ဆေးပြီးဖြစ်သော် လည်း ၄ ယောက်မြောက်သက်သေမှာ တရားရုံးသို့ လာရောက်သက်သေခံရန် ၂ကြိမ်ထိ ပျက်ကွက်သဖြင့် တရားသူကြီးမှ ပယ်ဖျက်ထားသည်။

စစ်ဆေးခဲ့သည့် တရားလိုပြသက်သေ ၃ ဦးထဲမှ စစ်ဘက်ရေးရာလုံခြုံရေးအဖွဲ့ (စရဖ) မှ တစ်ဦးနှင့် မြဝတီ သတင်းစာမှတစ်ဦးတို့ကလည်း တရားစွဲခံရသူများသည် တပ်မတော်ကိုအကြည်ညိုပျက်အောင် လုပ်ဆောင် ခဲ့ခြင်း မတွေ့ရှိရကြောင်း ထွက်ဆိုထားသည်ဟု စွပ်စွဲခံထားရသူများဘက်က ပြောသည်။