ဒေါ်လာဈေးနှုန်း ကျဆင်းပါက ရွှေဈေး ပြန်ကျလာနိုင်ဟုဆို

.

Photo-AFP

သြဂုတ် ၂၇ ။           ။ ပြည်တွင်းရွှေဈေးနှုန်းများမှာ ဒေါ်လာဈေးနှုန်းမြင့်တက်လာမှုနှင့်အတူ စံချိန်တင်မြင့်တက်နေပြီး ဒေါ်လာဈေး ပြန်လည်ကျဆင်းပါက ရွှေဈေးနှုန်းများ   ပြန်လည် ကျဆင်းလာနိုင်ကြောင်း  ရွှေလုပ်ငန်းရှင်များအသင်းမှ အတွင်းရေးမှူး ဦးဝင်းမြင့် ကပြောသည်။

"ရွှေအရောင်းအ၀ယ်က ပြည်တွင်းဈေးကွက်မှာ မိုးတွင်းလည်းဖြစ်တော့ အရောင်းအ၀ယ်အေးတယ်။ ဒေါ်လာ တက်တော့ ဈေးရွှေကလည်းတက်လာတဲ့ သဘောပါ။ ဒေါ်လာဈေးတွေပြန်ကျရင်တော့   ရွှေဈေးလည်း ပြန်ကျ နိုင်ပါတယ်" ဟု ဦးဝင်းမြင့် ကပြောသည်။

ပြည်တွင်းရွှေဈေးနှုန်းများမှာ သြဂုတ်လ နောက်ဆုံးအပတ်တွင် အခေါက်ရွှေတစ်ကျပ်သားလျှင် ၉၆၅၅၀၀ကျပ်၊ ပြည်ပရွှေဈေးနှုန်းမှာ ၁အောင်စလျှင် ၁၂၀၆ ဒေါ်လာ ဈေးပေါက်နေကြောင်း   ရွှေအရောင်းအ၀ယ်လုပ်ကိုင် နေသူများထံမှ သတင်းရရှိသည်။

ပြည်တွင်း နိုင်ငံခြားငွေလဲလှယ်နှုန်းမှာ အမေရိကန် တစ်ဒေါ်လာလျှင် ၁၅၁၀ကျပ် ၀န်းကျင်ဈေးပေါက် နေပြီး နိုင်ငံခြားငွေဈေး မြင့်တက်လာမှုနှင့်အတူ   ပြည်တွင်းရွှေဈေးနှုန်းများလည်း   မြင့်တက်လာခြင်း ဖြစ်သည်။လက်ရှိ တွင် ပြည်တွင်းဈေးကွက်၌ ဒေါ်လာဈေးနှုန်းနှင့်အတူ ရွှေဈေးနှုန်း၊ စက်သုံးဆီဈေးနှုန်းနှင့် အခြေခံစားသောက် ကုန် ဈေးနှုန်းများ မြင့်တက်လျှက်ရှိကြောင်း သိရသည်။

အမေရိကန်ဒေါ်လာဈေး မြင့်တက်လာမှုနှင့်အတူ ဖြစ်ပေါ်နေသော ပြည်တွင်းစီးပွားရေး အခြေအနေများကို တင်ပြနိုင်ရန်အတွက် သြဂုတ်လ ၂၇ ရက်နေ့တွင် မြန်မာကွန်ဗင်းရှင်းစင်တာ အမှတ် -၂ (MICC-II)၌ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် စီးပွားရေးလုပ်ငန်းရှင်များ တွေ့ဆုံဆွေးနွေးရန် လည်းရှိနေကြောင်း  မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်းချုပ်မှ သိရသည်။