အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုမြန်မာနိုင်ငံအတွက် ဘဏ္ဍာရေးဖက်ဒရယ်စနစ် အပိုင်း ( ၁၆ )

.

တင်ပြခဲ့သော ဖက်ဒရယ်နိုင်ငံများ၏ဘဏ္ဍာရေးဖက်ဒရယ်စနစ်တို့ကို ခြုံငုံသုံးသပ်ခြင်း

တူညီသောအချက်များ

(၁) အစိုးရအဖွဲ့များ (အထူးသဖြင့် ဖက်ဒရယ်နှင့်ပြည်နယ်) အကြား သီးခြားဘဏ္ဍာရေးအာဏာများကို နိုင်ငံ၏ ဖွဲ့စည်းပုံအခြေခံဥပဒေထဲတွင် ထည့်သွင်းပြဋ္ဌာန်းထားကြသည်။ ယေဘူယျအားဖြင့် ဖက်ဒရယ်အစိုးရကို အသုံး စရိတ်ဆိုင်ရာ လုပ်ပိုင်ခွင့်အာဏာများထက် အခွန်ဆိုင်ရာလုပ်ပိုင်ခွင့်အာဏာများကို ပိုပေးထားပြီး ပြည်နယ်များ ကို အခွန်ဆိုင်ရာ လုပ်ပိုင်ခွင့်အာဏာများထက် အသုံးစရိတ်ဆိုင်ရာ လုပ်ပိုင်ခွင့်အာဏာများကို ပိုပေးထားကြ သည်။ ထို့ပြင် အစိုးရ၏ ဘဏ္ဍာရေးအာဏာများအပေါ်၌လည်း ကန့်သတ်ချက်များရှိသည်။ ဥပမာ - ဖက်ဒရယ် အခွန်များသည် ပြည်နယ်များအကြား တစ်ပြေးညီဖြစ်ရန်၊ အစိုးရအဖွဲ့အချင်းချင်း အခွန်ကောက်ခြင်း မပြုရန်နှင့် အခွန်များကို ဥပဒေပြုပြဋ္ဌာန်းပြီး ကောက်ခံသွားရန် စသည့် ကန့်သတ်ချက်များ ထားကြသည်။

(၂) အသုံးစရိတ်နှင့် အခွန်အာဏာခွဲဝေမှု မညီမျှခြင်းကြောင့် ဖက်ဒရယ်အစိုးရနှင့် ပြည်နယ်အစိုးရအကြား ဒေါင်လိုက်ဘဏ္ဍာရေးမညီမျှမှုများနှင့် ဘဏ္ဍာရေးစွမ်းဆောင်နိုင်စွမ်း မတူညီမှုသောကြောင့် ပြည်နယ်များ  အကြား အလျားလိုက် ဘဏ္ဍာရေးမညီမျှမှုများကို လေ့လာတင်ပြထားသည့် ဖက်ဒရယ်နိုင်ငံအားလုံးတွင် တွေ့ရ သည်။ ထိုဘဏ္ဍာရေး မညီမျှမှုများသည် ပြည်နယ်အစိုးရက တာဝန်ယူဆောင်ရွက်ရသော ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်းများ၏ အရည်အသွေးကို ကွဲပြားစေသည်။

(၃) ဖက်ဒရယ်နိုင်ငံတိုင်း (အမေရိကန်ပြည်ထောင်စုမှ လွဲပြီး) တွင် ဘဏ္ဍာရေး မညီမျှမှုများကို ကုစားပေးသည့် ဘဏ္ဍာရေးအစီအစဉ်များ (ဥပမာ - ဖက်ဒရယ်ထောက်ပံ့ငွေနှင့် ချေးငွေများ) ထားရှိကြသည်။ ထိုအစီအစဉ်များ သည် ဘဏ္ဍာရေး စွမ်းဆောင်နိုင်စွမ်း နိမ့်သော ပြည်နယ်များ၏ အသုံးစရိတ်လိုအပ်ချက်များကို ဖြည့်ဆည်းပေး သလို ထိုအစီအစဉ်များနှင့်အတူ အနှောင်အဖွဲ့များ သို့မဟုတ် သတ်မှတ်ချက်များ (conditions) ပါလာနိုင်သော ကြောင့်ပြည်နယ်အစိုးရများ၏ လုပ်ငန်းတာဝန်များအပေါ် ပြည်ထောင်စုအစိုးရကလွှမ်းမိုးစေနိုင်သည့် လမ်း ကြောင်းတစ်ခုဟုရှုမြင်ကြသည်။ (ဖက်ဒရယ်အစိုးရက တိုက်ရိုက်ဥပဒေပြုခွင့်မရှိသော လုပ်ငန်းတာဝန်များ အတွက် ဖက်ဒရယ်ထောက်ပံ့ငွေများ ချပေးခြင်းဖြင့် ဖက်ဒရယ်အစိုးရ၏ အမျိုးသားရည်မှန်းချက်များကို ဖော်ဆောင် သွားသည့် နည်းလမ်းဖြစ်သည်။) သြစတြေးလျနှင့် အိန္ဒိယနိုင်ငံတို့တွင် ဖွဲ့စည်းပုံအရဖက်ဒရယ် အစိုးရအား ၎င်းတို့၏ လုပ်ပိုင်ခွင့်အာဏာပြင်ပတွင် ရှိသော မူဝါဒများတွင် ပါဝင်နိုင်ခွင့် ပေးထားသည်။  အမေရိကန်၊ ကနေဒါနှင့် ဆွစ်ဇာလန်နိုင်ငံတို့၌လည်း ထိုအာဏာများကို ဖွဲ့စည်းပုံထဲတွင် အတိအလင်း ထည့်သွင်း ထားခြင်း မရှိသော်လည်း လက်တွေ့တွင် ကျင့်သုံးကြသည်။ ထိုသို့ကျင့်သုံးနိုင်ရန် အမြင့်ဆုံး တရား ရေးအာဏာရှိသော ဖက်ဒရယ်တရားရုံး၏ ဥပဒေအဓိပ္ပါယ်ဖွင့်ဆိုပေးမှုသည် အဓိကအခန်းကဏ္ဍမှ ပါဝင်သည်။

(၄) ဖက်ဒရယ်အစိုးရမှ ပြည်နယ်များအား ထောက်ပံ့ငွေနှင့် ချေးငွေများ ချပေးခြင်းနှင့် အခွန်ဘဏ္ဍာခွဲဝေ ပေးခြင်း အစီအစဉ်တို့ကို အဓိကအားဖြင့် မျှတရေးအခြေခံမူအပေါ်တွင် အကောင်အထည်ဖော်ကြသည်ကို တွေ့ရှိရပြီး ထိုအစီအစဉ်များသည် တစ်ခါတစ်ရံတွင် လက်ခံရရှိသော ပြည်နယ်များ၏ ဘဏ္ဍာရေးတာဝန်ခံမှု၊ ဘဏ္ဍာရေး ကိုယ်ပိုင်အုပ်ချုပ်မှုနှင့် ဘဏ္ဍာရေးအားထုတ်မှုအပေါ်သက်ရောက်သည်။ (ဖက်ဒရယ်ထောက်ပံ့ငွေ အပေါ် မှီခိုနေရမှုများလျှင် ပြည်နယ်များ၏ ဘဏ္ဍာရေးဆိုင်ရာ တာဝန်ခံမှု၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် အားထုတ်မှု တို့ကို အားနည်းသွားစေနိုင်သည်။)

(၅) တင်ပြထားသော ဖက်ဒရယ်နိုင်ငံအားလုံး၏ ဘဏ္ဍာရေးဖက်ဒရယ်စနစ်သည် နိုင်ငံ၏ သမိုင်းကြောင်း၊

လက်ရှိနိုင်ငံရေး၊ စီးပွားရေးနှင့် လူမှုရေးအခင်းအကျင်းများအပေါ် မူတည်ပြီး ပြောင်းလဲမှုများ ရှိသည်။ ယခင် ဘဏ္ဍာရေးအာဏာအချို့ကို လက်ရှိမကျင့်သုံးတော့ခြင်း (ဥပမာ - သြစတြေးလျ ပြည်နယ်များ၏ ဝင်ငွေခွန်နှင့် အရောင်းခွန်တို့ကို ယခင်စည်းကြပ်ခဲ့သော်လည်း ယခုစည်းကြပ်မှု မပြုတော့ခြင်း)၊ အခွန်အာဏာအချို့သည် ပြည်နယ်လုပ်ပိုင်ခွင့်မှ ပြည်ထောင်စုလုပ်ပိုင်ခွင့်များသို့ ကူးပြောင်းသွားခြင်း (ဥပမာ - သြစတြေးလျနိုင်ငံ၏ ကုန်စည် နှင့်ဝန်ဆောင်မှုအခွန်) နှင့် ဖက်ဒရယ်ထောက်ပံ့ငွေနှင့် ချေးငွေများထုတ်ပေးရာတွင် ထည့်သွင်း စဉ်းစားသော သတ်မှတ်ချက်များပြောင်းလဲသွားခြင်း (ဥပမာ - အိန္ဒိယနိုင်ငံ၏ ပြည်ထောင်စုအဆင့် ဘဏ္ဍာ ရေးကော်မရှင် အဆက်ဆက်က ချမှတ်သော ဖက်ဒရယ်ထောက်ပံ့ငွေသတ်မှတ်ချက်များနှင့်ထို သတ်မှတ် ချက်တစ်ခုစီအတွက် အလေးပေးမှုများ) စသည့် ဘဏ္ဍာရေးဆိုင်ရာ အချိုးအကွေ့များ ရှိခဲ့သည်။

မတူညီသော အချက်များ

(၁) ဆွေးနွေးတင်ပြထားသော ဖက်ဒရယ်နိုင်ငံများ၏ ဘဏ္ဍာရေးစနစ်သည် ဗဟိုချုပ်ကိုင်မှုနှင့် ဗဟိုဖြေလျော့မှု အားဖြင့် မတူညီကြပေ။ ဆိုလိုသည်မှာ ပြည်နယ်များကို ပေးအပ်ထားသည့် ဘဏ္ဍာရေးအာဏာများသည် ပြည်နယ်အစိုးရ၏ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ကို အားပေးမှုအတိုင်းအတာ မတူညီပါ။အချို့သော ဖက်ဒရယ်နိုင်ငံများ (ဥပမာ - ဂျာမဏီ။ သြစတြေး လျ၊ အိန္ဒိယ)၏ ဘဏ္ဍာရေးစနစ်သည်ဗဟို ချုပ်ကိုင်မှုဘက်သို့ ပိုယိမ်းနေပြီး အချို့ သော ဖက်ဒရယ်နိုင်ငံများ (ဥပမာ - အမေရိကန်၊ကနေဒါ) ၏ ဘဏ္ဍာရေးစနစ်သည် ဗဟိုဖြေလျှော့ချမှုဘက်သို့ ပိုယိမ်းနေသည်။

(၂) ဖက်ဒရယ်အစိုးရနှင့် ပြည်နယ်အစိုးရအကြား ဒေါင်လိုက်ဘဏ္ဍာရေးမညီမျှမှုနှင့် ပြည်နယ်များအကြား အလျားလိုက် ဘဏ္ဍာရေးမညီမျှမှုများကို နည်းလမ်းအမျိုးမျိုး (အခွန်အာဏာခွဲဝေခြင်း၊ဘဏ္ဍာရေးညီတူမျှတူ အစီအစဉ်များ ထားရှိခြင်း၊ ထောက်ပံ့ငွေနှင့် ချေးငွေများချပေးခြင်း) ဖြင့် ဖြေရှင်းကြသော်လည်း ထိုနည်းလမ်း တစ်ခုချင်းအပေါ် အဓိက အလေးပေးမှု သည် ဖက်ဒရယ်နိုင်ငံအလိုက် ကွဲပြားသည်။ ဥပမာ - ကနေဒါနိုင်ငံနှင့် သြစတြေးလျနိုင်ငံတို့တွင် ဖက်ဒရယ်အစိုးရ၏ ဘဏ္ဍာရေးသာတူညီမျှရေး အစီအစဉ်ကိုလည်းကောင်း၊ ဂျာမဏီ နိုင်ငံ၏ အခွန်ဘဏ္ဍာခွဲဝေရေး အစီအစဉ်ကိုလည်းကောင်း ဘဏ္ဍာရေးမညီမျှမှုများကို ကုစားသည့် အဓိကနည်း လမ်းများအဖြစ် အသုံးပြုသည်။

(၃) ဖက်ဒရယ်ထောက်ပံ့ငွေနှင့် ချေးငွေများအပေါ် ပြည်နယ်များ၏ မှီခိုနေရမှုကို ထိန်းချုပ်နိုင်ရန်နှင့် ဘဏ္ဍာရေး စည်းကမ်း များရှိစေရန် ချမှတ်သော ဘတ်ဂျက်ကန့်သတ်ချက်များနှင့်ပတ်သက်၍ အချို့သော ဖက်ဒရယ်နိုင်ငံ များတွင် စည်းကမ်း တင်းကျပ်သော ဘတ်ဂျက်ကန့်သတ်မှုများ (hard budget constraint) ထားရှိသော်လည်း အချို့သော ဖက်ဒရယ်နိုင်ငံ များတွင် စည်းကမ်းလျော့ရဲ သော ဘတ်ဂျက်ကန့်သက်ချက်များ (soft budget constrait) ကိုသာ ထားရှိကြသည်။ ဥပမာ - ဂျာမဏီနိုင်ငံတွင် ဘဏ္ဍာရေးအကျပ်အတည်းကျရောက်သော ပြည်နယ်များကို ဖက်ဒရယ်အစိုးရက ကူညီကယ်ထုတ်မှု များ (federal bailout) ပြုလုပ်သဖြင့် ပျော့ပြောင်း သော ဘတ်ဂျက်ကန့်သတ်ချက်များကိုသာ ကျင့်သုံးသွားသည့် သဘော ရှိသည်။

(၄)လေ့လာတင်ပြထားသောဖက်ဒရယ်နိုင်ငံတစ်ခုစီတွင်တမူထူးခြားချက်များရှိကြသည်။ဥပမာအမေရိကန်နိုင်ငံတွင် ပြည်နယ်များအကြား ဘဏ္ဍာရေးမညီမျှမှုများအတွက် အထူးချမှတ်ထားသော ဘဏ္ဍာရေး ညီတူမျှတူ အစီ အစဉ်များ (fiscal equalization) မထားရှိသော်လည်း သတ်မှတ်ချက်ပါသော ဖက်ဒရယ်ထောက်ပံ့ငွေဖြင့်သာ ပြည်သူ့ဝန်ဆောင်မှု လုပ်ငန်း များဆောင်ရွက်ရာတွင် ဘဏ္ဍာရေး လိုအပ်ချက်ရှိသော ပြည်နယ်များအတွက် ချပေးသည်။ ကနေဒါပြည်နယ်အချို့(Quebec and Alberta) သည် အခြားသော ပြည်နယ်များထက် ဘဏ္ဍာ ရေးအာဏာများ (ဥပမာပြည်နယ်ဝင်ငွေခွန်) ကို ပြည်နယ်လက်ထဲတွင်သာ ထားကြသည်။ ဆွစ်ဇာလန်နိုင်ငံ တွင် နိုင်ငံသားများသည် ဖက်ဒရယ်နှင့် ပြည်ထောင်စုအဆင့် နှစ်ခုလုံး၌ အခွန်ဥပဒေအပါအဝင် ဥပဒေများကို လူထုဆန္ဒခံယူပွဲများမှတစ်ဆင့် တိုက်ရိုက် မဲပေးပိုင်ခွင့်ရှိသည်။ ဂျာမဏီ နိုင်ငံတွင်လည်း အခွန်အများစုကို ဖက်ဒရယ်လွှတ်တော်ကသာ ပြဋ္ဌာန်းခွင့်ရှိပြီး ပြည်နယ်များက ပြဋ္ဌာန်းလိုက်သော အခွန်ဥပဒေများကို အကောင် အထည်ဖော်ပေးရသည်။ သြစတြေးလျနိုင်ငံတွင် ဖက်ဒရယ်နှင့်ပြည်နယ်အဆင့်နှစ်ခုလုံးတွင် ချမ်းသာကြွယ်ဝမှု၊ အမွေဆက်ခံမှုနှင့် လက်ဆောင်ပဏ္ဏာများအပေါ် အခွန်ကောက်ခံခြင်း မရှိပါ။ အိန္ဒိယနိုင်ငံတွင် ပြည်ထောင်စု နှင့်ပြည်နယ်တို့၏ သီးခြားအခွန်အာဏာများကို တစ်ခုနှင့် တစ်ခု မထပ်အောင် ခွဲဝေထားသည်။

(၅) ဖက်ဒရယ်နှင့် ပြည်နယ်များအကြား အငြင်းပွားမှုများ ရှိလာပါက ကြားဝင်ဆုံးဖြတ်ပေးရသည့်တာဝန်ရှိသော အမြင့်ဆုံးတရားရုံး၏ တရားရေးအာဏာများသည် ဖက်ဒရယ်နိုင်ငံအလိုက် ကွဲပြားသည်။ ဖက်ဒရယ်ဖြစ်စေ၊ ပြည်နယ်ဖြစ်စေ ပြဋ္ဌာန်းလိုက်သော ဥပဒေသည် ဖွဲ့စည်းပုံနှင့် ညီညွတ်မှု (constitutionality) ရှိ၊ မရှိ ဆုံးဖြတ် ပေးရသည်။ ထိုသို့ဆုံးဖြတ်ရာတွင် တစ်ခါတစ်ရံ ပြည်ထောင်စုဘက် ပိုယိမ်းပြီး တစ်ခါတရံတွင် ပြည်နယ်ဘက် ပိုယိမ်းသည်။ ထိုဆုံးဖြတ်ချက်များသည် ဖွဲ့စည်းပုံအခြေခံဥပဒေတွင် ပြဋ္ဌာန်းထားသော ဥပဒေကြီးစိုးမှု (supremacy)နှင့်လည်းသက်ဆိုင်သည်။ဖက်ဒရယ်နှင့်ပြည်နယ်ဥပဒေများငြိစွန်းပါကဖက်ဒရယ်ဥပဒေသို့မဟုတ်

ပြည်နယ်ဥပဒေကသာ ကြီးစိုးသည်ဟု ဖွဲ့စည်းပုံထဲတွင် ထည့်သွင်းထားနိုင်သည်။ ဥပမာ - အမေရိကန်၊ သြစတြေးလျနှင့် အိန္ဒိယနိုင်ငံ၏ ဖွဲ့စည်းပုံထဲတွင် ဖက်ဒရယ်ဥပဒေကို ကြီးစိုးခွင့် ပေးထားသည်။ ကနေဒါနိုင်ငံ၏ ဖွဲ့စည်းပုံထဲတွင် ဖက်ဒရယ်ဥပဒေကြီးစိုးခွင့် ပါရှိသော်လည်း အကန့်အသတ်ဖြင့်သာ ရှိသည်။ ဆွစ်ဇာလန်နိုင်ငံ တွင် ဖက်ဒရယ်လွှတ်တော်မှ ပြဋ္ဌာန်းလိုက်သော ဥပဒေများအပေါ် တရားရေးအာဏာအမြင့်ဆုံးရှိသော ဖက်ဒရယ်တရားရုံးက ဖွဲ့စည်းပုံနှင့်ညီညွတ်မှုရှိ၊ မရှိအတွက် တရားရေးသုံးသပ်ချက် (judicial review) ပြုလုပ် ခွင့် မရှိဘဲ ထိုဥပဒေအတိုင်း လိုက်နာဆောင်ရွက်ရသည်။  ။

{ ရှေ့အပတ် -  မြန်မာနိုင်ငံ၏ ဘဏ္ဍာရေးဖက်ဒရယ်စနစ်နှင့် ဘဏ္ဍာရေးဆိုင်ရာ ဗဟိုချုပ်ကိုင်မှုများ }

  1. အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုမြန်မာနိုင်ငံအတွက် ဘဏ္ဍာရေးဖက်ဒရယ်စနစ် ( ၁ )
  2. အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုမြန်မာနိုင်ငံအတွက် ဘဏ္ဍာရေးဖက်ဒရယ်စနစ် ( ၂ )
  3. အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုမြန်မာနိုင်ငံအတွက် ဘဏ္ဍာရေးဖက်ဒရယ်စနစ် ( ၃ )
  4. အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုမြန်မာနိုင်ငံအတွက် ဘဏ္ဍာရေးဖက်ဒရယ်စနစ်( ၄ )
  5. အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုမြန်မာနိုင်ငံအတွက် ဘဏ္ဍာရေးဖက်ဒရယ်စနစ်( ၅ )
  6. အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုမြန်မာနိုင်ငံအတွက် ဘဏ္ဍာရေးဖက်ဒရယ်စနစ် ( ၆ )
  7. အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုမြန်မာနိုင်ငံအတွက် ဘဏ္ဍာရေးဖက်ဒရယ်စနစ် ( ၇ )
  8. အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုမြန်မာနိုင်ငံအတွက် ဘဏ္ဍာရေးဖက်ဒရယ်စနစ် ( ၈ )
  9. အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုမြန်မာနိုင်ငံအတွက် ဘဏ္ဍာရေးဖက်ဒရယ်စနစ် ( ၉ )

  10. အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုမြန်မာနိုင်ငံအတွက် ဘဏ္ဍာရေးဖက်ဒရယ်စနစ် ( ၁၀ )

  11. အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုမြန်မာနိုင်ငံအတွက် ဘဏ္ဍာရေးဖက်ဒရယ်စနစ် ( ၁၁ )

  12. အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုမြန်မာနိုင်ငံအတွက် ဘဏ္ဍာရေးဖက်ဒရယ်စနစ် ( ၁၂)

  13. အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုမြန်မာနိုင်ငံအတွက် ဘဏ္ဍာရေးဖက်ဒရယ်စနစ် ( ၁၃ )

  14. အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုမြန်မာနိုင်ငံအတွက် ဘဏ္ဍာရေးဖက်ဒရယ်စနစ် ( ၁၄ )

  15. အနာဂတ်ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုမြန်မာနိုင်ငံအတွက် ဘဏ္ဍာရေးဖက်ဒရယ်စနစ် အပိုင်း ( ၁၅ )