ကော်တိုရစ်ကို ချန်လှပ်ခဲ့တဲ့အကြောင်းအရင်းကို ရှင်းပြသွားတဲ့ ရီးယဲလ်နည်းပြ လိုပီတီဂွီ

.

(ဓာတ်ပုံ - အီးပီအေ)

ရီးယဲလ်မက်ဒရစ် နည်းပြ လိုပီတီဂွီက သူဟာ ပွဲစဉ်တစ်ပွဲချင်းစီလိုက်ပေါ် မူတည်ပြီး ဂိုးသမားနေရာကို စဉ်းစားသွားမယ်လို့ ပြောဆိုသွားတာကြောင့် ဒီနွေရာသီမှာ ရောက်ရှိလာတဲ့ ကြယ်ပွင့်ဂိုးသမား ကော်တိုရစ်ဟာ အသင်းနဲ့ သူ့ရဲ့ပွဲဦးထွက်အတွက် စောင့်ဆိုင်းနေရအုံးမှာဖြစ်ပါတယ်။

ကော်တိုရစ်ဟာ ပရီးမီးယားလိဂ်ကလပ် ချယ်လ်ဆီးအသင်းကနေ ဥရောပချန်ပီယံ မက်ဒရစ်ဆီ ပေါင် ၃၅ သန်းနဲ့ ပြောင်းရွှေ့ခဲ့ပေမယ့်လည်း ဘယ်လ်ဂျီယံဂိုးသမားဟာ တနင်္ဂနွေနေ့က ရီးယဲလ်က ဂျီရိုနာကို ၄-၁ ဂိုးနဲ့ အဝေးကွင်းမှာ အနိုင်ရတဲ့ လာလီဂါပွဲစဉ်မှာ လိုပီတီဂွီက ဂိုးသမား နာဗတ်စ်ကိုသာ အသုံးပြုခဲ့တာကြောင့် အရန်ခုံတန်းမှာ ထိုင်ခဲ့ရပါတယ်။

လိုပီတီဂွီက ရီးယဲလ်အသင်းရဲ့ လိဂ်အဖွင့်ပွဲစဉ်ဖြစ်တဲ့ ဂီတာဖေးနဲ့ ပွဲမှာလည်း ကော်တိုရစ်ထက် နာဗတ်စ်ကိုပဲ ပိုနှစ်သက်ခဲ့သလို အသက် ၂၆ အရွယ် ဘယ်လ်ဂျီယံဂိုးသမားဟာ သြဂုတ် ၁၅ ရက်က သူ့ရဲ့အသင်းသစ် ရီးယဲလ်က အက်သလက်တီကို ရှုံးနိမ့်ခဲ့တဲ့ ဥရောပစူပါဖလားလုပွဲမှာလည်း ပွဲကြည့်စင်မှ ကြည့်ရှုခဲ့ပါတယ်။

ကော်တိုရစ်ကို ချန်လှပ်ခဲ့တဲ့အပေါ် နည်းပြ လိုပီတီဂွီက သတင်းထောက်တွေကို “ဒါဟာ နားလည်ဖို့ လွယ်ကူမယ့် အခြေအနေတော့ မဟုတ်ပါဘူး။ ဒါပေမယ့် ရှင်းပြဖို့ ရိုးရိုးရှင်းရှင်းလေးပါ။”လို့ ပြောပါတယ်။ ဂိုးသမားနေရာမှာ တကယ်ကောင်းမွန်တဲ့ ရွေးချယ်မှုတစ်ချို့ ကျနော်မှာ ရှိပါတယ်။ ပြီးတော့ ဒီနေရာအတွက် ပြဿနာတွေ မရှိပါဘူး။ ကျနော်တို့ ပွဲတစ်ပွဲချင်းစီအတွက် ဘယ်အရာက အကောင်းဆုံးလဲဆိုတာ ဆုံးဖြတ်ပါလိမ့်မယ်။”လို့ ရှင်းပြပါတယ်။

“နာဗတ်စ်ဟာ ဒီကနေ့ပွဲမှာ ပွဲထွက်ခွင့်ရပြီး သူအလွန်ကောင်းမွန်ခဲ့ပါတယ်။ ဂိုးသမားနေရာအတွက် ယှဉ်ပြိုင်မှုရှိတာက ကျနော်တို့ကို ပိုမိုအားကောင်းစေပါတယ်။ ကျနော့်ရဲ့ စိတ်ထဲမှာ အိုင်ဒီယာတွေအချို့ရှိပေမယ့် သူတို့ကိုတော့ ပြောပြသွားမှာ မဟုတ်ပါဘူး။”

“ဒီရာသီတစ်လျှောက် နောက်ထပ် စိန်ခေါ်မှုတွေ ချက်ချင်း ဖြေရှင်းဖို့ ဖြေရှင်းချက်တွေအတွက် လုပ်ဆောင်သွားပါမယ်။”

မက်ဒရစ်ကြယ်ပွင့် လူကာမိုဒရစ်ဟာလည်း ဂျီရိုနာနဲ့ပွဲမှာ အရံလူစာရင်းမှာ ရှိခဲ့တာကြောင့် ၃ ပွဲဆက် အရံကစားသမားအဖြစ် ကစားခဲ့တဲ့အနေအထားဖြစ်ခဲ့ပါတယ်။ 

အင်တာမီလန်အသင်းက ခေါ်ယူဖို့ ကြိုးစားခဲ့တဲ့ မိုဒရစ်ဟာ ပြင်သစ်အသင်းနဲ့အတူ ကမ္ဘာ့ဖလားဆွတ်ခူးခဲ့သူ နောက်ခံလူ ဗာရန်နဲ့အတူ တနင်္ဂနွေနေ့က လာလီဂါပွဲစဉ်မှာ အစားထိုးဝင်ရောက်ကစားခဲ့ပါတယ်။

ရီးယဲလ်အသင်းဟာ ဂျီရိုနာကွင်းမှာ နောက်ကလိုက်ကစားခဲ့ရပေမယ့် ဂိုးပြတ်သွင်းကာ (၄-၁)ဂိုးနဲ့နိုင်ပြီး အမှတ်ပေးဇယားကို ဦးဆောင်နိုင်ခဲ့ပါတယ်။

Ref; Goal