၇၁ ကြိမ်မြောက် မွန်တော်လှန်ရေးနေ့ အခမ်းအနားကို ပေါင်မြို့တွင် ပြုလုပ်

.

ပေါင် ၊ သြဂုတ် ၊ ၂၆ ။     ။ ၇၁ ကြိမ်မြောက် မွန်တော်လှန်ရေးနေ့အခမ်းအနားကို  သြဂုတ် ၂၆ ရက် နံနက်ပိုင်းက မွန်ပြည်နယ်၊ ပေါင်မြို့၊ မိုးနိုင်းရပ်ကွက်(စွယ်တော်သုဿန်) အာဇာနည်ကုန်းတွင် ပြုလုပ်ခဲ့သည်။

တော်လှန်ရေးတိုက်ပွဲများတွင် ကျဆုံးသွားသော မွန်လူထုများ၏ ခေါင်းဆောင်များကို အတုယူ အားကျလာစေရန်နှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ရရှိရေး၊ တန်းတူညီရေး၊ စာပေနှင့်ယဉ်ကျေးမှု ကြိုးပမ်းချက်များအား နောင်လာနောင်သား လူငယ်တွေကို အမှတ်ရလေးစားမှုရှိစေရန်အတွက် ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း အခမ်းအနားကျင်းပရေးကော်မတီအတွင်းရေးမှူး နိုင်ဟံသာဝဏ် က ပြောသည်။

"တော်လှန်ရေးတိုက်ပွဲမှာ ကျဆုံးသွားတဲ့ မွန်လူထုတွေရဲ့ ခေါင်းဆောင်တွေအားလုံးက သူတို့အသက်နဲ့ ရင်းပြီး ကိုယ်ကျိုးမကြည့်ဘဲ တာဝန်ထမ်းဆောင်ခဲ့တာတွေကို သူတို့တွေ မရှိတော့ပေမယ့်လည်း သူတို့ရဲ့ဂုဏ်ကျေးဇူးတွေကို အောက်မေ့ပြီးလုပ်တာပါ။ ဒီနေရာမှာ မွန်တော်လှန်ရေးနေ့အခမ်းအနား လုပ်ရတာကလည်း တော်လှန်ရေးကာလမှာ ပါဝင်ခဲ့တဲ့ ခေါင်းဆောင် ၂ ဦးရဲ့ အုတ်ဂူရှိနေတဲ့အတွက် လုပ်တာပါ။ မွန်ခေါင်းဆောင်တွေရဲ့ ကိုယ်ကျိုးမကြည့်ဘဲ မွန်တစ်မျိုးသားလုံးအတွက် အနစ်နာခံဆောင်ရွက်ခဲ့တာတွေကို မွန်လူငယ်တွေအနေနဲ့လည်း အတုယူဆောင်ရွက်ဖို့လိုပါတယ်” ဟု ၄င်းက ပြောသည်။

တိုင်းရင်းသားလူမျိုးများနှင့် မွန်လူမျိုးများ၏ အခွင့်အရေးကို ဥပဒေဘောင်အတွင်းမှ အတတ်နိုင်ဆုံး လုပ်လို့ရမည့်အပိုင်းများကို ဆက်ပြီး လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

မွန်တော်လှန်ရေးနေ့အခမ်းအနားတွင် မွန်အမျိုးသားအလံတော်ကို ဦးညွှတ်အလေးပြုခြင်း၊ ကျဆုံးကွယ် လွန်သွားသော မွန်အာဇာနည်ခေါင်းဆောင်များအား အလေးပြုခြင်း၊ မွန်တော်လှန်ရေးနေ့ဖြစ်ပေါ်လာပုံ သမိုင်းအကြောင်းများနှင့် အတ္ထုပ္ပတ္တိများ ဖတ်ကြားခြင်း၊ မွန်ပြည်သစ်ပါတီမှပေးပို့သောသ၀ဏ်လွှာအား ဖတ်ကြားခြင်း၊ လွမ်းသူပန်းခွေချခြင်းများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ပေါင်မြို့နယ်တွင် မွန်တော်လှန်ရေးနေ့အခမ်းအနားကို ကျင်းပလာသည်မှာ ယခုနှစ် အပါအ၀င် ၈ ကြိမ် မြောက် ရှိပြီဖြစ်သည်။

"ကျွန်မတို့လူငယ်တွေက ကျဆုံးသွားတဲ့ မွန်ခေါင်းဆောင်ကြီးတွေက မွန်လူမျိုးအတွက် ဘယ်လိုမျိုးအား ထုတ်ခဲ့သလဲ၊ အသက်တွေ ချွေးတွေသွေးတွေ ပေးဆပ်ခဲ့ရသလဲဆိုတာကို အတုယူသင့်တယ်။အခု ကျွန်မ မြင်တာ  မွန်လူငယ်တွေက မွန်နိုင်ငံရေးပါတီအနေနဲ့ရော၊ အမျိုးသားရေးအပိုင်းမှာရော အားနည်းကြတယ်။ လူငယ်တွေက ကိုယ့်ရဲ့စွမ်းရည်ကို ကိုယ်မြှင့်တင်ကြပါ။ မြှင့်တင်ပြီးမှ ကိုယ့်ရဲ့လူမျိုးအတွက် ဘယ်လိုလုပ်ဆောင်ရမလည်းဆိုတာ ဘယ်နေရာမှာ ဘယ်လိုလိုအပ်နေလည်းဆိုတာကို ကျွန်မတို့ဖြည့်တင်းရမှာပေါ့။ ကိုယ့်သမိုင်းဖြစ်စဉ်ကို လူငယ်တွေ ပြန်ပြီး လက်ဆင့်ကမ်းသင့်တယ်။ လူငယ်တွေကလည်း ကိုယ်က လူမျိုးတစ်မျိုးဖြစ်တဲ့ အတွက်ကြောင့်မို့ လူမျိုးအတွက် ဘာတွေ လုပ်ဆောင်ပေးလို့ရမယ့်အပိုင်းတွေကို စဉ်းစားစေချင်ပါတယ်” ဟု မွန်တိုင်းရင်းသူ မိစန္ဒာမွန်က ပြောသည်။

မွန်လွတ်လပ်ရေးအဖွဲ့ချုပ်မှ ဗိုလ်သိန်းဦးဆောင်သော လူငယ်တော်လှန်ရေး ရဲဘော် ၃၀ ဦးတို့ ဇာသပြင်ရဲစခန်းအား ၀င်ရောက်တိုက်ခိုက်သိမ်းခဲ့သော ၁၃၀၀ ပြည့်နှစ် ( ၁၉၄၈ ခုနှစ်၊ ဇူလိုင် ၂၀ ) ရက်အား အစွဲပြု၍ မွန်တော်လှန်ရေးနေ့အဖြစ် သတ်မှတ်ကာ အခမ်းအနားများ ကျင်းပလာခဲ့ကြောင်း သိရသည်။

အဆိုပါအခမ်းအနားသို့ မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာ မင်းကြည်ဝင်းလည်းတက်ရောက်ခဲ့သည်။