ဓါးပြဗိုလ်ဇာတ်ရုပ်ဟာ ပထမဆုံး ဇာတ်ရုပ်ဖြစ်တယ်ဆိုတဲ့ ရွှေမှုံရတီ

.

ဓာတ်ပုံ-ဟီးဟီးဟားဟား ရုပ်ရှင်ဇာတ်ကားကြီး

ရန်ကုန်   သြဂုတ်   ၂၆ ။           ။ ဟီးဟီးဟားဟားလို့ နာမည်ပေးထားတဲ့ ရုပ်ရှင်ဇာတ်ကားကြီးထဲမှာ ဓါးပြဗိုလ်တစ်ယောက်အနေနဲ့ သရုပ်ဆောင် ထားတာဟာ တခါမှမလုပ်ဖူးသေးတဲ့ ပထမဆုံးဇာတ်ရုပ်ဖြစ်တယ်လို့ သရုပ်ဆောင် ရွှေမှုံရတီက ပြောပါတယ်။

ဟီးဟီးဟားဟားလို့ နာမည်ပေးထားတဲ့ ရုပ်ရှင်ဇာတ်ကားကို သြဂုတ်လ ၂၆ ရက်နေ့၊ နံနက်ပိုင်းက ရန်ကုန်မြို့၊ သမ္မတရုပ်ရှင်ရုံမှာ အထူးပွဲအနေနဲ့ စာနယ်ဇင်းတွေကို မိတ်ဆက်ပြသခဲ့ပါတယ်။

" ဒီလိုဇာတ်ကောင်စရိုက်က မရိုက်ဖူးသေးဘူး။ အခုအချိန်အထိ။ ဒါက ပထမဆုံးပေါ့။ ဒီဇာတ်ဝင်ခန်းထဲက ဓါးပေါက်တဲ့ အခန်းဆိုရင် တကယ်တော့ ပေါက်ရတာပေါ့။ ရှေ့မှာ လူတွေ ရှင်းပြီးပေါက်ရတာ။ နည်းနည်းတော့ ခွဲ ရိုက်ရတာပေါ့။ ကိုယ်က လုပ်မှ မလုပ်တတ်တာ။ အကုန်လုံးကလည်း ကြောက်နေကြတာပေါ့။ ရွှေမှုံ ဓါးပေါက် တာကို။" လို့ သရုပ်ဆောင် ရွှေမှုံရတီက ပြောပါတယ်။

ဒီရုပ်ရှင်ဇာတ်ကားဟာ မိန်းကလေးတွေချည်းပါဝင်တဲ့ ဓါးပြအဖွဲ့ကနေ ရွာကို ဓါးပြ၀င်တိုက်ပြီး ငွေတိုးချေးစားတဲ့ ချစ်ဦး ဆိုတဲ့လူတစ်ယောက်ကို ဖမ်းဆီးခေါ်ဆောင်သွားရာကနေ အလွဲလွဲအချော်ချော် အဖြစ်အပျက်တွေကို ရယ်မောဖွယ်ရိုက်ကူး ပုံဖော်ထားတာဖြစ်ပါတယ်။ ဒီရုပ်ရှင်ဇာတ်ကားထဲမှာ ရွှေမှုံရတီဟာ ဓါးပြဗိုလ်မလေး ဘင်လာခင် အနေနဲ့ ပါဝင်သရုပ်ဆောင်ထားတာ ဖြစ်ပါတယ်။

ဒီရုပ်ရှင်ဇာတ်ကားကို ရာဇ၀င်ကိုက ဇာတ်လမ်း၊ ဇာတ်ညွှန်းရေးသားပြီး ဒါရိုက်တာ ပြည်ဟိန်းသီဟက ၂၀၁၆ ခုနှစ်က စတင်ရိုက်ကူးခဲ့တာ ဖြစ်ပါတယ်။

" အဓိကကတော့ ဟာသပရိတ်သတ်တွေအတွက် စိတ်ညစ်နေတာတွေ အိမ်က သောကတွေ ပြေပျောက်ဖို့ အတွက်ကို ဒီကားလေးကို လာကြည့်ဖို့ ဖိတ်ခေါ်ပါတယ်။ ဒီကားလေးကြည့်နေတဲ့အချိန်မှာ ပရိတ်သတ်တွေ စိတ်ညစ်စရာတွေ ပျောက်ပြီး အပန်းပြေစေမယ်လို့ ကျွန်တော့်အနေနဲ့ အာမခံပါတယ်။" လို့ ဒါရိုက်တာ ပြည်ဟိန်းသီဟက  ပြောပါတယ်။

ဟီးဟီးဟားဟားလို့ နာမည်ပေးထားတဲ့ ရုပ်ရှင်ဇာတ်ကားမှာ မြင့်မြတ်၊ ရွှေမှုံရတီ၊ တက္ကသိုလ်ဂွမ်းပုံ၊ ညောင် ညောင်၊ ငှက်ပျောကျော်၊ ၀က်မနဲ့ သရုပ်ဆောင်ပေါင်းများစွာပါဝင်ပါတယ်။

ဒီရုပ်ရှင်ဇာတ်ကားကို လာမယ့် သြဂုတ်လ ၃၁ ရက်နေ့က စတင်ပြီး ပြသပေးသွားမှာ ဖြစ်တယ်လို့ သိရပါတယ်။