NCA လက်မှတ် မထိုးထားသည့်အဖွဲ့များနှင့်လည်း ထိတွေ့ဆက်ဆံသွားမည်ဟု KNU ဆို

.

Photo-EPA
 

ရန်ကုန် ၊ သြဂုတ် ၂၆ ။           ။ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)တွင် ပါဝင်လက်မှတ်ရေးထိုးနိုင်ခြင်း မရှိသေးသည့် တိုင်းရင်သားလက်နက်ကိုင်အဖွဲ့များနှင့်လည်း ထိတွေ့ဆက်ဆံသွားမည်ဖြစ်ပြီး စစ်မှန်သည့် ပြည်တွင်း ငြိမ်းချမ်းရေး ရရှိအောင် ကြိုးပမ်းသွားမည်ဟု ကရင်အမျိုးသားအစည်းအရုံး KNU က ထုတ်ပြန်ကြေညာလိုက်သည်။

ကရင်အမျိုးသားအစည်းအရုံး(KNU) ၏ ဗဟိုအမြဲတမ်းကော်မတီ အစည်းအဝေး ဒုတိယအကြိမ်ကို  သြဂုတ်လ ၆ ရက်နေ့မှ ၂၄ ရက်နေ့အထိ လေးဝါးစခန်းတွင် ပြုလုပ်ခဲ့ပြီးနောက် သတင်းထုတ်ပြန်ရာတွင် ယင်းသို့ ထည့်သွင်းဖော်ပြပါရှိခဲ့ခြင်း ဖြစ်သည်။

“ဆွေးနွေးဖက်များအကြား မတူကွဲပြားမှုများကို အကြေအလည် ညှိနှိုင်းပြီး အပြန်အလှန် အသိအမှတ်ပြုမှု၊ လေးစား တန်ဘိုးထားမှု၊ စာနာနားလည်မှုအပြည့်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်သွားကြမည်” ဟု KNU က ဆိုသည်။

ယင်းအပြင် နိုင်ငံရေးအာခံချက် မရရှိသေးခင် ကာလအတွင်း ထိုင်း- မြန်မာ နယ်စပ်ရှိ ဒုက္ခသည်များနှင့် ပြည်တွင်း နေရပ်စွန့်ခွာ နေရသူများအား နေရပ်သို့ အတင်းအဓမ္မ ပြန်လည်ပို့ဆောင်ခြင်းမပြုရန်လည်း KNU ၏ ထို ထုတ်ပြန်ချက်တွင် ပါရှိသည်။

ပေါ်လွင်ထင်ရှားသည့် နိုင်ငံရေးသဘောတူညီချက်ဆိုင်ရာ ကိစ္စရပ်များ ဖြစ်ထွန်းတိုးတက်မှုမရှိသေးသည့်အချိန်တွင် ဒုက္ခသည်များအား နိုင်ငံတကာမှ ပေးအပ်သည့် လူသားချင်းစာနာထောက်ထားမှုအကူအညီများ လျော့နည်းလာနေသည် ဟုလည်း KNU ဘက်က ဆိုသည်။

ယင်းကိစ္စနှင့် ပတ်သက်ပြီး နိုင်ငံတကာမှ လူသားချင်းစာနာထောက်ထားသည့် အကူအညီများ ဆက်လက်ရရှိရေးအတွက်  ကြိုးပမ်းသွားမည်ဟု သြဂုတ်လ ၂၄ ရက်နေ့ ရက်စွဲဖြင့် ထုတ်ပြန်ကြေညာခဲ့သည့် ကရင်အမျိုးသားအစည်းအရုံး(KNU) ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

KNU ဗဟိုအမြဲတမ်းကော်မတီအစည်းအဝေး၌ လက်ရှိပြည်တွင်းငြိမ်းချမ်းရေးဖော်ဆောင်နေမှုများအား ဆွေးနွေးခဲ့ပြီး ၊ NCA အကောင်အထည်ဖော်မှုဆိုင်ရာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များအား ပြန်လည်သုံးသပ်မည့် အလုပ်ရုံဆွေးနွေးပွဲအား လုပ်ဆောင်သွားမည်ဟု ဆုံးဖြတ်ချက်ချမှတ်ခဲ့ကြသည်။

ကရင်အမျိုးသားအစည်းအရုံး (KNU)သည် တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA)ကို သမ္မတ ဦးသိန်းစိန်လက်ထက်တွင် သဘောတူလက်မှတ်ရေးထိုးထားခဲ့သည့် အဖွဲ့ဖြစ်သည်။

Tags: