၈ ကြိမ်မြောက် ကရင်ရိုးရာလက်ရစ်ချည်ပွဲကို တနင်္သာရီတွင် ရွာ ၁၀ ရွာ စုပေါင်းကျင်းပ

.

ဘုတ်ပြင်း၊ သြဂုတ်လ ၂၅ ။           ။ ၈ ကြိမ်မြောက် ကရင်ရိုးရာလက်ရစ်ချည်ပွဲ မင်္ဂလာအခမ်းအနားကို ပြည်ကြီးမဏ္ဍိုင်မြို့နယ်ရှိ မနိုးရုံးကျေးရွာ အုပ်စုမှ ကျေးရွာ ၁၀ ရွာမှ ရွာသူ၊ ရွာသားများ စုပေါင်းပြီး ရွာသာယာကျေးရွာရှိ ဓမ္ပပါလဘုန်းတော်ကြီးတွင် သြဂုတ်လ ၂၅ ရက်က စည်ကားသိုက်မြိုက်စွာ ကျင်းပပြုလုပ်ခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီး ကော့သောင်းခရိုင် ဘုတ်ပြင်းမြို့၊ ပြည်ကြီး မဏ္ဍိုင်မြို့နယ်၊ မနိုးရုံးကျေးရွာ အုပ်စု ရွာသာယာကျေးရွာ ဓမ္ပပါလဘုန်းတော်ကြီးတွင် ကရင်လူမျိုးများ စုပေါင်းပြီး ခမ်းခမ်းနားနားဖြင့် စုပေါင်း ကျင်းပခဲ့ခြင်းဖြစ်ကြောင်း ပွဲစီစဉ်သူများထံမှ သိရသည်။

ကရင်ရိုးရာလက်ရစ်ချည်ပွဲ ပွဲစီစဉ်သူ ဦးမန်းဝင်းသိန်းက “ ကရင်ရိုးရာ လက်ရစ်ချည်ပွဲကို ၈ ကြိမ်မြောက် ရှိပေမယ့် အရင်နှစ်တွေတုန်းကတော့ ရွာအလိုက် ကိုယ့်ရွာမှာပဲ အကျဉ်းချုံးပြီး ကျင်းပတာရှိပါတယ်၊ အခုလိုမျိုး ရွာ ၁၀ ရွာက ဒေသခံတွေ အားလုံးစုပေါင်းပြီး ကျင်းပတာမျိုး မရှိသေးဘူး၊ အခုမှ စည်စည်ကားကားနဲ့ ခမ်းခမ်း နားနားဖြစ်အောင် ဒီနှစ်မှ ပထမအဦးဆုံး ကျင်းပဖြစ်တယ် ” ဟု ပြောသည်။

အဆိုပါ ကရင်ရိုးရာလက်ရစ်ချည်ပွဲမင်္ဂလာအခမ်းအနားသည်၊ ကရင်လူမျိုးတို့၏ ပျောက်ကွယ်လုနီးပါး ဖြစ်နေသော ရိုးရာဓလေ့ပွဲတစ်ခု ဖြစ်ပြီး၊ မျိုးဆက်သစ်လူငယ်များ ပြန်လည်ထိန်းသိမ်းသွားရန်နှင့် ရိုးရာ အစဉ်အလာကို ပြန်ထုတ်ဖော်သည့်ပွဲလည်းဖြစ်ကြောင်း သိရသည်။

“ကရင်ရိုးရာ လက်ရစ်ချည်ပွဲက တနင်္သာရီတိုင်းအတွင်းမှာ နှစ်တိုင်း ကျင်းပနေတာ သိပ်မရှိပါဘူး၊ သမီးတို့ ရွာမှာက အခုဆိုလျှင် လုပ်နေတာ ၈ ကြိမ်မြောက် ရှိပြီးတော့၊ အခုလိုမျိုး မိမိတို့ရဲ့ ရိုးရာပွဲကို နှစ်တိုင်း ကြုံရလို့ အရမ်းပျော်ပါတယ်၊ ဒီလိုပွဲမျိုးမှာ ပါဝင်ခွင့်ရတာကိုလည်း ကရင်လူမျိုးတစ်ယောက်အနေနဲ့ ဂုဏ်ယူမိပါတယ်၊ နောင်လည်း ဒီလိုပွဲမျိုးမှာ အမြဲတမ်းပါဝင်ခွင့်ရဖို့ မျှော်လင့်မိပါတယ် ” ဟု မနိုးရုံးကျေးရွာနေ ဒေသခံ မနော်သန်းသန်းဌေးက ပြောသည်။

မနိုးရုံးကျေးရွာအုပ်စုတွင် ကျင်းပသည့် ကရင်ရိုးရာလက်ရစ်ချည်ပွဲ မင်္ဂလာအခမ်းအနားတွင် ကရင်လူမျိုးတို့၏ ဓလေ့အရ လိပ်ပြာခေါ်ခြင်း၊ ရိုးရာသမိုင်းကြောင်းများ၊ ရိုးရာဒုံးအကများ၊ ကရင်တေးသီချင်းများနှင့် လက်ရစ်ချည်ခြင်းကို သြဂုတ်လ ၂၅ ရက်နေ့ နံနက် ၆ နာရီမှ နံနက် ၁၁ နာရီခွဲ အချိန်အထိ စည်ကား သိုက်မြိုက်စွာ ကျင်းပခဲ့သည်။