ပြည်တွင်းစီးပွားရေး ကျဆင်းနေကြောင်း Myanmar Business Survey တွင် ဖော်ပြ

.

သြဂုတ် ၂၅ ။         ။ စီးပွားရေးလုပ်ငန်းရှင် ၂၅၀၀ကျော်မှ ကောက်ယူထားသည့်အချက်အလက်များအရဖော်ပြခဲ့သော Myanmar Business Survey တွင် ပြည်တွင်းစီးပွားရေးမှာ ကျဆင်းနေကြောင်း 2nd B4B Insights Forum 2018 အခမ်းအနားမှ သတင်းရရှိသည်။

လက်ရှိအချိန်တွင် ငွေလဲလှယ်မှုနှုန်းများမတည်ငြိမ်ခြင်း၊ ကျပ်ငွေတန်ဖိုးကျဆင်းခြင်းများကြောင့် စီးပွားရေးလုပ် ငန်းလုပ်ကိုင်ရာတွင် မလုပ်ရဲမကိုင်ရဲဖြစ်ပေါ်နေကြောင်း ကုန်သည်စက်မှုအသင်းချုပ်(UMFCCI) ဥက္ကဋ္ဌ ဦးဇော် မင်းဝင်း ကပြောသည်။

"ဆာဗေး ရီပို့စ်ကိုကြည့်မယ်ဆိုရင် အရင်သုံးလထက်စာရင် အခုကအခြေမကောင်းဘူးပေါ့။ ဆာဗေးလုပ်ထားတဲ့ လုပ်ငန်းရှင် ၂၅၀၀ရဲ့တင်ပြချက်ပေါ့။ ဘာလို့ပြောနိုင်လည်းဆိုတော့ လတ်တလောလည်းဖြစ်နေတဲ့ ငွေလဲလှယ် မှုနှုန်းထားတွေပေါ့။ မြန်မာပြည်ရဲ့ ကျပ်ငွေကကျဆင်းမှုတွေဖြစ်နေတော့ အဲဒီအပေါ်မှာလည်း ရိုက်ခတ်မှုတွေရှိ တယ်။ လက်ရှိစီးပွားရေးကလည်း တဖြည်းဖြည်းနဲ့ မလုပ်ရဲမကိုင်တွေ ဖြစ်တာရှိတယ်" ဟု ဦးဇော်မင်းဝင်း က ပြောသည်။

ထုတ်လုပ်မှုပိုင်းတွင် ပြည်တွင်းလုပ်ငန်းရှင်များသာမက ပြည်ပမှ လာရောက်ရင်းနှီးမြုပ်နှံသူလည်း ပြည်ပမှ တရားမ၀င်တင်သွင်းလာသည့် ပစ္စည်းများကြောင့် အခက်အခဲများကြုံတွေ့နေရကြောင်း ထို့အပြင် ပြည်တွင်း ခရီးသွားလုပ်ငန်းမှာလည်း ကျဆင်းနေသောကြောင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်၊ ဒုတိယ သမ္မတ(၂) တို့မှ ဦးဆောင်ကာ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နေကြောင်း သတင်းရရှိသည်။

"ဒီသုံးလအတွင်းမှာ စီးပွားရေးက မကောင်းတဲ့ဘက်လုံးဝရောက်နေပါတယ်။ ၈.၈၃ရာခိုင်နှုန်းကျဆင်းပါတယ်။ ထုတ်လုပ်မှုပိုင်း၊ ၀န်ဆောင်မှုပိုင်း၊ ကုန်သွယ်ရေးအားလုံးစီးပွားရေး အခြေအနေက မကောင်းဘူးဖြစ်နေတယ်" ဟု MMRD ကုမ္ပဏီ ဥက္ကဋ္ဌ ဦးမိုးကျော် ကပြောသည်။

2nd B4B Insights Forum 2018 တွင် ကောက်ယူထားသော စီးပွားရေးလုပ်ငန်းအချက်အလက်များသည် သြဂုတ်လတွင် စီးပွားရေးလုပ်ငန်းရှင် ၂၅၀၀ကျော်မှ ကောက်ယူထားသည့် Myanmar Business Survey အချက်အလက်များဖြစ်ကြောင်း သိရသည်။