တမူး-မိုရေး နယ်စပ်ဂိတ်ဖွင့်လိုက်ခြင်းကြောင့် ကုန်သွယ်ရေးနှင့်ခရီးသွားကဏ္ဍ အလားအလာကောင်းများ ရှိလာနိုင်

.

ရန်ကုန်၊ သြဂုတ် ၂၅ ။         ။ အိန္ဒိယ- မြန်မာ အပြည်ပြည်ဆိုင်ရာနယ်စပ်ဂိတ်ဖြစ်သော တမူး-မိုရေး ဖွင့်လှစ်လိုက်ခြင်းမှ မြန်မာနိုင်ငံ၏ ကုန်သွယ်ရေး လုပ်ငန်းနှင့် ခရီးသွားလာရေးကဏ္ဍများအတွက် ဖွံ့ဖြိုးတိုးတက်မှု အလားအလာကောင်းများ ရှိနေကြောင်း ယင်းနယ်စပ်ဂိတ်နှင့်ပတ်သက်၍ သွားရောက်ဆွေးနွေးခဲ့သည့် Get ဒစ်ဂျစ်တယ်စီးပွားရေး ပလက်ဖောင်း၏ တည်ထောင်သူနှင့် အမှုဆောင်အရာရှိချုပ်ဖြစ်သူ ကိုငြိမ်းချမ်းစိုးဝင်းက ပြောသည်။

အိန္ဒိယ၏ အရှေ့မြောက်ပြည်နယ်များဖြစ်ကြသည့် မဏိပူရပြည်နယ်၊ အာသံပြည်နယ်အပါအ၀င် ပြည်နယ် ၇ ခုသည် အိန္ဒိယပြည်မကြီးနှင့် ဆက်သွယ်ရေးခက်ခဲသည့်အတွက် Act East Policy အရ အဆိုပါနယ်စပ်ဂိတ်ကို ဖွင့်လှစ် ခဲ့ခြင်းဖြစ်သည်။

"ပထ၀ီနိုင်ငံရေးပေါ့နော်။ အိန္ဒိယနဲ့ တရုတ်ပြည်ဆိုတဲ့ အင်အားကြီးနှစ်နိုင်ငံ လူဦးရေလည်းအများဆုံးဖြစ်တဲ့ တိုင်းပြည် နှစ်နိုင်ငံကြားမှာ နေနေတာပါ။ အဲဒီတော့ ဒီနှစ်ခုကို အကောင်းဆုံး အသုံးချနိုင်မယ်ဆိုရင် မြန်မာပြည်ရဲ့ စီးပွားရေးဖွံ့ဖြိုးမှု အလားအလာကောင်းပါတယ်။ အဲဒီအတွက် တမူး-မိုရေး နယ်စပ်ဖွင့်ပေါက်က တစ်ချိန်တုန်းကရှိခဲ့တဲ့ တမူး-အင်ဖာလမ်း၊ ရှင်းရှင်းပြောရရင် တရုတ်ပြည်ကနေ ဆက်ပြီးတော့ လာမယ်ဆိုရင် စတီးဝဲ( Stilwell) လမ်းပေါ့နော်။ ဆိုတော့ အဲဒီလမ်းကြောင်းကို ဆက်ပြီးတော့ လာမယ်ဆိုရင် ဖွံ့ဖြိုးတိုးတက်မှု အလားအလာတွေ အများကြီးရှိပါတယ်" ဟု Get ဒစ်ဂျစ်တယ်စီးပွားရေးပလက်ဖောင်း၏ တည်ထောင်သူနှင့် အမှုဆောင်အရာရှိချုပ်ဖြစ်သူ ကိုငြိမ်းချမ်းစိုးဝင်း က ပြောသည်။

တမူး-မိုရေးဂိတ်ကိုဖွင့်လှစ်ပြီးနောက် ကုန်သွယ်မှုတွင် မာလက္ကာရေလက်ကြားကိုဖြတ်ကျော်ကာ ကာလာကတ္တားအထိ သယ်ဆောင်ပြီး အိန္ဒိယနိုင်ငံအရှေ့မြောက်ဘက်ပြည်နယ်များကို ပို့ဆောင်စရာ မလိုတော့ဘဲ မြန်မာနိုင်ငံမှတစ်ဆင့် အရှေ့မြောက်ဘက်အိန္ဒိယသို့ အဆိုပါဂိတ်မှတဆင့်  ပို့ဆောင်သွားလာ နိုင်တော့မည် ဖြစ်သည်။

ထို့အပြင် ခရီးသွားလုပ်ငန်း၏ အစပိုင်းဖြစ်သည့် စီးပွားရေးလုပ်ငန်းအလားအလာရှာဖွေသူများအနေဖြင့် နှစ်နိုင်ငံ အပြန်အလှန် သွားလာမှုရှိလာနိုင်ပြီး အိန္ဒိယနိုင်ငံ၏ ကျန်းမာရေးစောင့်ရှောက်မှုကိုလည်း ရယူနိုင်မည်ဖြစ်သည်ဟု ဆိုသည်။

ထို့အပြင် လတ်တလော Re-export တင်သွင်းမှုရပ်ဆိုင်းထားရသည့် မြန်မာနိုင်ငံသည်လည်း ယင်းနယ်စပ် ဂိတ်ကိုအသုံးချကာ သုံးနိုင်ငံကုန်သွယ်မှု Three Countries Transist Trade စနစ်ဖြင့် ကုန်သွယ်ပို့ဆောင်ပါက ပြည်တွင်းဒေါ်လာများပေးဆောင်နေရသည်မှ သယ်ယူပို့ဆောင်ခရရှိစေရန် ဆောင်ရွက်၍ ရနိုင်သည်ဟု ကိုငြိမ်းချမ်းစိုးဝင်းက သုံးသပ်သည်။

အိန္ဒိယ-မြန်မာ အပြည်ပြည်ဆိုင်ရာနယ်စပ် တမူး-မိုရေးဂိတ် ကို စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်တွင် သြဂုတ်လ ၈ ရက်၌ စတင်ဖွင့်လှစ်ခဲ့သည်။ အိန္ဒိယ-မြန်မာ နှစ်နိုင်ငံဖြတ်သန်းသွားလာရေးသဘောတူစာချုပ်ကို နေပြည်တော်၌ ၂၀၁၈ ခုနှစ် မေလတွင် လက်မှတ်ရေးထိုးခဲ့ကာ ရက်ပေါင်း ၉၀ အတွင်း နယ်စပ်ဂိတ်ဖွင့်လှစ် နိုင်ခဲ့ခြင်းဖြစ်သည်။