နေပြည်တော်တွင် နိုင်ငံတကာအဆင့်မီ တက္ကသိုလ်တည်ဆောက်ရန် မြေဈေးညှိနှိုင်းနေ

.

နေပြည်တော်၊ သြဂုတ်လ ၂၅ ။         ။ အစိုးရ၀န်ကြီးရုံးများစိုက်ရာ နေပြည်တော်ရှိ သံတမန်ဇုန်အနီးတွင် Korea Asean Friendship Association အဖွဲ့မှ နိုင်ငံတကာအဆင့်မီတက္ကသိုလ်တစ်ခု တည်ဆောက်သွားမည်ဖြစ်ပြီး တစ်ဧကလျှင် ကန်ဒေါ်လာ ၅ သိန်းခန့် ပေါက်ဈေးရှိသည့် မြေနေရာဖြစ်နေ၍ မြေငှားရမ်းခနှုန်းထား ညှိနှိုင်းနေကြောင်း သိရသည်။

 “လက်ရှိ နေပြည်တော်စည်ပင်သာယာရေးကော်မတီက သံတမန်ဇုန်တွေကို သံတမန်ကွက်တွေကို ရောင်းတဲ့ နှုန်းပဲ သတ်မှတ်ထားတယ် ။ ဒီဟာလေးပဲ မြေငှားရမ်းခနှုန်း စကားပြောနေတယ်လို့ပဲ   ပြောလို့ရပါတယ်။ အဆုံးအဖြတ်ကိုတော့ အစိုးရအဖွဲ့ရဲ့ အဆုံးအဖြတ်ကိုပဲ ခံယူပါမယ် ”ဟု နေပြည်တော်စည်ပင်သာယာရေး ကော်မတီဝင် ဦးမင်းသူက ပြောသည်။

သြဂုတ်လ ၂၄ရက်နေ့က ဥတ္တရသီရိမြို့နယ်၊ စည်ပင်သာယာအုပ်ချုပ်ရေးရုံးတွင် သတင်းထောက်များ၏ မေးမြန်းမှုကို ၄င်းက ပြန်လည် ဖြေဆိုခဲ့ခြင်းဖြစ်သည်။

အဆိုပါတက္ကသိုလ်ကို Stamford Bridge University ကဲ့သို့သော တက္ကသိုလ်တည်ဆောက်ရန် လျာထားသည် ဟု လတ်တလော သိရပြီး မြေဈေးနှုန်းလျှော့ချပေးရန် တည်ဆောက်မည့်အဖွဲ့မှ တောင်းဆိုနေသည်။

 “တောင်းဆိုတာက Low Cost ပဲ ဖြစ်ဖြစ်၊ Free Cost ပဲ ဖြစ်ဖြစ် တစ်ခုခု၊ ဒါ သတ်မှတ်ပေးဖို့ဆိုတာ။  ဒါပေမယ့် ဒီ သတ်မှတ်ချက်ကကြတော့ ကျွန်တော်တို့ နေပြည်တော်စည်ပင်သာယာရေးကော်မတီက သတ်မှတ်ပေးလို့ မရဘူး။ ဆုံးဖြတ်ပေးတာကတော့ ပြည်ထောင်စုအစိုးရနဲ့ ဆောင်ရွက်ထားတဲ့ကိစ္စဖြစ်တဲ့အတွက် ပြည်ထောင်စု အစိုးရကနေမှ ပညာရေးရင်းနှီးမြှပ်နှံမှုအတွက် သတ်မှတ်ချက်တစ်ခုပေးလာရင်တော့ သတ်မှတ်တဲ့အတိုင်း ဆောင်ရွက်ပေးမှာ” ဟု နေပြည်တော်စည်ပင်သာယာရေးကော်မတီဝင် ဦးမင်းသူက ပြောသည်။

သံတမန်ဇုန်နေရာသည် Junction ဈေးဝယ်စင်တာ၏နောက်ကျောဘက် ဟိုတယ်ဇုန် (၁)၏ နောက်ကျောဘက် တွင် ရှိပြီး မြန်မာ အပြည်ပြည်ဆိုင်ရာ ကွန်ဗင်းရှင်း ဗဟို ဌာန (၁)နှင့် (၂) အကြားတွင် တည်ရှိသည်။

နိုင်ငံတကာအဆင့်မီ တက္ကသိုလ်တည်ဆောက်မည့်နေရာကို သံတမန်ဇုန်၏ အနောက်ဘက်ရှိ ဇုန်နေရာအချို့ကို ပယ်ဖျက်ပြီး နေပြည်တော်စည်ပင်သာယာရေးကော်မတီမှ မြေနေရာ လျာထားသတ်မှတ်ပေးထားကာ  တည်ဆောက်ရေး ကိစ္စများကိုတော့ သက်ဆိုင်ရာဝန်ကြီးဌာနများမှ ခွင့်ပြုချက်နှင့် လက်ရှိ မြေဈေးကိစ္စပြီးပြတ်မှ စတင် ဆောင်ရွက်မည်ဟု သိရသည်။

 “ဆောက်လုပ်ရေးအတွက် သူတို့ စီစဉ်နေတုန်းပဲရှိတယ်။ အဓိကကတော့ ပညာရေး ၀န်ကြီးဌာနတို့ ၊ သက်ဆိုင်တဲ့ ၀န်ကြီးဌာနတွေပေါ့လေ။ နောက် ကျွန်တော်တို့ ဒီနေပြည်တော်ဒေသဆိုင်ရာ အာဏာပိုင်တွေ ဖြစ်တဲ့ နေပြည်တော်ကောင်စီတို့ ဒီရဲ့ အစီအစဉ်တွေနဲ့ပဲ အားလုံး ဆောင်ရွက်နေတာပါ”ဟု ၄င်းက ဆက်လက်ပြောသည်။

လက်ရှိ နေပြည်တော်ကောင်စီနယ်မြေ ဇေယျာသီရိမြို့နယ်တွင် ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်၊ သစ်တော တက္ကသိုလ်နှင့် မွေးမြူရေးဆိုင်ရာ ဆေးတက္ကသိုလ် စသည့် သုံးခုရှိသည်။