ဆေးကျောင်းသားဓာတ်လိုက်သေဆုံးမှု လျှပ်စစ်ဌာနတွင် တာဝန်မရှိဟု ငြင်းဆို

.

ဓာတ်ပုံ-သက်ကို
 

ရန်ကုန် ၊ သြဂုတ် ၂၅ ။             ။ တရုတ်ဘုံကျောင်းအတွင်း၌ ဘတ်စကတ်ဘော ကစားနေသည့် ဆေးကျောင်းသားတစ်ဦး ဓာတ်လိုက်သေဆုံးမှု တွင် ရန်ကုန်လျှပ်စစ်ဓာတ်အားပေးကော်ပိုရေးရှင်း၌ တာဝန်မရှိကြောင်း ရန်ကုန် လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းဥက္ကဋ္ဌက ငြင်းဆိုလိုက်သည်။

သြဂုတ်လ ၂၄ ရက်နေ့ ညနေပိုင်းက ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးတွင် ပြုလုပ်ခဲ့သည့် တိုင်းဒေသကြီး အစိုးရ ဒုတိယ(၁) နှစ် ဆောင်ရွက်ချက်များ သတင်းစာရှင်းလင်းပွဲ၌ ရန်ကုန်မြို့တွင်း ဓာတ်လိုက်သေဆုံးမှုများ နှင့်ပတ်သက်ပြီး ရန်ကုန်မြို့တော်လျှပ်စစ်ဓာတ်အားပေးရေးကော်ပိုရေးရှင်းဥက္ကဋ္ဌ ဦးမောင်မောင်လတ်က ရှင်းလင်းပြောဆိုရာတွင် အထက်ပါအတိုင်း ပြောခဲ့ခြင်းဖြစ်သည်။

 “တောင်ဥက္ကလာမှာ ပြတ်ကျတဲ့ကိစ္စဆိုရင် ကျွန်တော်တို့မှာ တာဝန်ရှိပါတယ်။ ဒါပေမယ့် အခုကလို ထရန်စဖော်မာကနေ အတွင်းပိုင်းကို ရောက်သွားတဲ့ အင်တာနယ်လိုင်းတွေ လျှပ်စစ်ဓာတ်အားပေး ကော်ပိုရေးရှင်းအနေနဲ့ တာဝန်မရှိပါဘူး။ သက်ဆိုင်ရာမီးသုံးစွဲသူတွေအနေနဲ့ ဒါကိုစိစစ်ပြီးတော့မှ ဆောင်ရွက်သွားရမယ့် ကိစ္စဖြစ်ပါတယ်” ဟု ဦးမောင်မောင်လတ်ကဆိုသည်။

ရန်ကုန်မြို့တော်လျှပ်စစ် ဓာတ်အားပေးရေးကော်ပိုရေးရှင်းအနေဖြင့် လျှပ်စစ်ဓာတ်အားကို သက်ဆိုင်ရာ ထရန်စဖော်မာသို့ ပေးပို့ပြီး ယင်းနေရာအထိသာ တာဝန်ယူကာ မီတာ မှတဆင့် အိမ်တွင်းလျှပ်စစ်သုံးစွဲခြင်းကို ဌာနမှ တာဝန်မယူဘဲ လျှပ်စစ်ကျွမ်းကျင်လက်မှတ်ရသူများကသာ သွယ်တန်းခြင်းဖြစ်သည်ဟု ၄င်းကဆိုသည်။

ဗဟန်းမြို့နယ်အတွင်းရှိ တရုတ်ဘုံကျောင်းအပိုင် ဖူဆန်အားကစားရုံအတွင်း၌ ဘတ်စကက်ဘော ကစား နေသည့် ဆေးကျောင်းသားတစ်ဦး ဓာတ်လိုက်သေဆုံးမှုတွင် တရုတ်ဘုံကျောင်းက အသုံးပြုနေသည့် ပန်ကာ လျှပ်စစ်ကြိုး ပေါက်ပြဲနေပြီး ယင်းမှတဆင့် သံပန်းသို့ လျှပ်စစ်စီးဝင်ကာ ဓာတ်လိုက်သေဆုံးခဲ့ခြင်းဖြစ်သည်။

သို့သော်လည်း ပြီးခဲ့သည့် ဇူလိုင် ၁၃ ရက် က တောင်ဥက္ကလာပမြို့နယ်အတွင်း၌ အသက်(၁၃)နှစ်အရွယ် အဋ္ဌမတန်းကျောင်းသား မောင်မျိုးမင်းထွန်းသည် ပြတ်ကျနေသော ဓာတ်ကြိုးနှင့်ထိမိပြီး ဓာတ်လိုက် သေဆုံးခဲ့မှုတွင် လျှပ်စစ်ဌာန၌ တာဝန်ရှိသည်ဟု ဦးမောင်မောင်က ဝန်ခံပြောဆိုခဲ့သည်။

ယင်းဖြစ်စဉ်ကို နေပြည်တော်ရှိ  ပြည်ထောင်စုဝန်ကြီးရုံးမှ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ဖြင့် ခုံရုံးဖွဲ့စစ်ဆေးခဲ့ပြီး ရလဒ်ကို မကြာမီထုတ်ပြန်သွားမည်ဟု ဆိုသည်။