ဂျပန်(ယန်း) ငွေ ၄၂၁၆ သန်း အကုန်ကျခံတည်ဆောက်ထားသော သာကေတတံတား စတင်ဖွင့်လှစ်

.

ဓာတ်ပုံ-သူရ/မဇ္ဈိမ

ရန်ကုန်   သြဂုတ်   ၂၅ ။            ။ ဂျပန် ပြည်သူများ၏ ထည့်ဝင်လှူဒါန်းငွေ (ယန်း)ငွေ ၄၂၁၆ သန်းခန့် ကုန်ကျခံတည်ဆောက်ခဲ့သော သာကေတတံတားကို သြဂုတ်လ ၂၅ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့သည်။

အဆိုပါတံတားသည် ရန်ကုန်မြို့၊ ဒေါပုံမြို့နယ်ရှိ ပုဇွန်တောင်ချောင်းကို ဖြတ်သန်းဖောက်လုပ်ထားပြီး ဂျပန်အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA)နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာနတို့မှ  ပူးပေါင်းတည်ဆောက်ခဲ့ခြင်းဖြစ်သည်။

" အားလုံးသိကြတဲ့အတိုင်းပဲလေ။ အရင် သာကေတတံတားဟောင်းက ယာဉ်သွားလာမှုကြပ်တည်း လာတယ်။ ဒီလမ်းကလည်း သံလျင်ဘက်ကမ်း စက်မှုဇုန်အထိသွားရမယ့်လမ်း ဖြစ်နေတဲ့အတွက် ကားလမ်းကို အဆင်ပြေ ချောမွေ့အောင် လုပ်ပေးဖို့လိုတယ်။ အဲဒါကြောင့် ဒီတံတားကို ၄ လမ်းသွားတံတား တည်ဆောက်လိုက်တာပါ။" ဟု ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်က မဇ္ဈိမသို့ ပြောသည်။

သာကေတတံတားသစ်သည် သံမဏိကြိုးတံတား အမျိုးအစားဖြစ်ပြီး ပေ ၈၃၀ ရှည်လျား၍ (၂၁.၅ ) မီတာ ကျယ် ၄ လမ်းသွားနှင့် (၂) မီတာ ကျယ်၊ ၂ ဖက်ပါ လူသွားလမ်းများပါဝင်ပြီး တံတားတည်ဆောက်မှုကို ဂျပန်၊ မြန်မာ၊ ဗီယက်နမ်နှင့် ထိုင်းအင်ဂျင်နီယာများဖြင့် တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။

၁၉၆၇ ခုနှစ်ကတည်းက တည်ဆောက်ခဲ့သောတံတားဟောင်းသည် ခံနိုင်ရည်ကျဆင်းလာပြီး ယာဉ်သွားလာမှု ကြပ်တည်းလာသောကြောင့် ၂၀၀၁၅ ခုနှစ် ဧပြီလတွင် တံတားအသစ်ကို ဂျပန်အစိုးရ၏အကူအညီဖြင့် ပြန်လည်တည်ဆောက်ခဲ့ခြင်း ဖြစ်သည်။ အဆိုပါ တံတားအသစ်ကြောင့် ရန်ကုန်မြို့တွင်းနှင့် ဂျပန်နိုင်ငံမှ အဓိက ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်နေသော သီလဝါစက်မှုဇုန်ကို ဆက်သွယ်ဖြတ်သန်းသွားနိုင်မည်ဖြစ်သည်။

" ဒီတံတားက ရန်ကုန်မြို့ရဲ့အရေးကြီးတဲ့တံတားတစ်စင်းဖြစ်ပါတယ်။ ကျွန်တော်တို့မြန်မာနိုင်ငံ စတင် မဖွံ့ဖြိုးခင်မှာ ရန်ကုန်မြို့ကြီးမှာ သာကေတတံတားဟာ စပြီးတည်ဆောက်ခဲ့တာဖြစ်ပါတယ်။ အခုအချိန်မှာ ဒီတံတားကို ပိုပြီးအဆင့်မြှင့်တင်နိုင်ဖို့အတွက် ဂျပန်နိုင်ငံရဲ့အကူအညီနဲ့တည်ဆောက်ခဲ့တာ ဖြစ်ပါတယ်။ ဒီတံတားကြောင့် ရန်ကုန်မြို့ရဲ့ ငမိုးရိပ်ချောင်းအရှေ့ဘက်အခြမ်းနဲ့ အနောက်ဘက် အခြမ်းကို ဒီတံတားနဲ့ ဆက်သွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။" ဟု ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့၊ ၀န်ကြီးချုပ် ဦးဖြိုးမင်းသိန်းက မဇ္ဈိမသို့ ပြောသည်။