တေးသံရှင် ဖြိုးပြည့်စုံ နှင့် အောင်ထက် တို့၏ “ကြယ်”တေးစီးရီး မိတ်ဆက်

.

ရန်ကုန်၊သြဂုတ်လ ၂၄ရက် ။              ။ အိမ်မက်ဆုံရာပြိုင်ပွဲနှင့် မယ်လိုဒီဝေါ အဆိုပြိုင်ပွဲတို့မှတဆင့် ဂီတလမ်းကြောင်းပေါ်သို့ ရောက်ရှိလာခဲ့သော တေးသံရှင် အောင်ထက်နှင့် ဖြိုးပြည့်စုံတို့ ပူးပေါင်းသီဆိုထားသည့် "ကြယ်" အမည်ရှိတေးစီးရီးမိတ်ဆက်ပွဲ အခမ်းအနားကို သြဂုတ်လ ၂၄ရက်နေ့က ရန်ကုန်မြို့ Orchid ဟိုတယ်တွင် ပြုလုပ်ခဲ့သည်။

" ကျွန်တော်တို့နှစ်ယောက်မှာကောင်းတာတွေ လည်းရှိသလို လိုအပ်ချက်တွေလည်း ရှိပါတယ်။ ဒါအမှန် အတိုင်း ၀န်ခံတာပါ။ဒါလေးတွေကို ဖြည့်စွက်ပြီးတော့ ကျွန်တော်ကိုချစ်သော အောင်ထက်ကို ချစ်သော ပရိတ်သတ်တွေက နားလည်ပေးပြီးနားဆင်ပေးကြပါလို့။အောင်ထက်ကို ချစ်တဲ့ပရိတ်သတ်တွေလည်း ကျွန်တော်ကို ချစ်ပေးကြပါ။ ကျွန်တော်ကို ချစ်တဲ့ပရိတ်သတ်တွေလည်း အောင်ထက်ကို ချစ်ပေးကြပါလို့ ပြောချင်ပါတယ်” ဟု တေးသံရှင်ဖြိုးပြည့်စုံက ပြောသည်။

" ကြယ်"အမည်ရှိသော တေးသီချင်းကို တေးသံရှင်အောင်ထက်မှရေးသားခဲ့ပြီး နှစ်ယောက်ပေါင်း သီဆိုခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါတေးစီးရီးထဲတွင် သီချင်းအပုဒ်ရေ ၁၂ပုဒ် ပါဝင်မှာဖြစ်ကြောင်း သိရသည်။

" ကျွန်တော်ကတော့ ကန်းထရီးနဲ့ ပေါ့စ် ဘက်ကိုဆိုတယ်။ ကိုဖြိုးကတော့ ပေါ့စ် သက်သက်ဘဲသူဆိုတယ်။ ပြီးတော့ ကျွန်တော်ဆို ဂျက် တစ်ပုဒ်ပါတယ်။ကိုဖြိုးလည်း တစ်ချို့ မြူးဇစ်လေးတွေ ရောထားတာရှိတယ်။ မတူတာလေးတွေတော့ ခံစားရမှာပါ။ နားထောင်နေကျမဟုတ်တဲ့ ကျွန်တော်တို့ရဲ့ သီချင်းပုံစံလေးတွေ ခံစားရမယ်လို့ကျွန်တော်ထင်ပါတယ် "ဟု တေးသံရှင် အောင်ထက်က ပြောသည်။

အဆိုပါတေးစီးရီးကို သြဂုတ်လ ၂၉ရက်နေ့တွင် ထွက်ရှိမည်ဟု သိရပြီး တေးစီးရီးမိတ်ဆက်ပွဲကို အနုပညာ ရှင်များ ၊တေးရေးဆရာများနှင့် မီဒီယာမှဆရာဆရာမများ တက်ရောက်ခဲ့သည်။