လူသတ်မှုဖြင့်သာ ရင်ကော့ခေါင်းမော့ပြီး ထောင်ထဲဝင်မည်ဟု သီဟတင်စိုးဆို

.

ဓာတ်ပုံ-သူရ/မဇ္ဈိမ

 

ရန်ကုန်၊ သြဂုတ်   ၂၄ ။           ။ အိမ်အကူအား အဓမ္မပြုကျင့်သည်ဟု စွပ်စွဲအမှုဖွင့်ခံခဲ့ရသော သရုပ်ဆောင် သီဟတင်စိုးက သူ့အနေဖြင့် လူသတ်မှုဖြင့်သာ ရင်ကော့ခေါင်းမော့၍ ထောင်ထဲဝင်မည်ဟု   ပြောဆိုလိုက်သည်။

အိမ်အကူကို အဓမ္မပြုကျင့်မှုဖြင့် တိုင်ကြားခံခဲ့ရသည့် ဖြစ်စဉ်အတွက် သြဂုတ်လ ၂၄ ရက်နေ့၊ နေ့လယ်ပိုင်း က ရန်ကုန်မြို့၊ ရွှေဂုံတိုင်လမ်းရှိ တော်ဝင်နှင်းဆီခန်းမတွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ရာတွင် ၄င်းကပြော ကြားခဲ့ခြင်းဖြစ်သည်။

"လူသတ်မှုဆိုတာ ဘာပဲပြောပြော ရင်ကော့ခေါင်းမော့ပြီး ထောင်ထဲဝင်သွားလို့ရတယ်ဗျ။ နောက်ဆုံး မှားတယ်ဆိုရင်တောင် အမှားကြီးကြီးပဲ မှားတော့မယ်။ ဒီမဟုတ်ကဟုတ်က ဗူးသီးအမှုနဲ့တော့ ပြသနာ အဖြစ်မခံဘူးလို့ ကျွန်တော် အဲဒီလိုစဉ်းစားပြီးတော့ကို ၀ုန်းဒိုင်းကြဲတာမျိုးတွေတောင် ရှိခဲ့ပါတယ်။" ဟု သရုပ်ဆောင်သီဟတင်စိုးက ပြောသည်။

အဓမ္မပြုကျင့်မှုဖြင့် လိမ်လည်တိုင်ကြားခဲ့သော အိမ်အကူ ဒေါ်ခင်မာမြင့်ကိုလည်း မကြာမီရက်ပိုင်းအတွင်း ပြန်လည်တရားစွဲဆိုရန် ဆောင်ရွက်နေသည်ဟု သရုပ်ဆောင်သီဟတင်စိုးက ပြောသည်။

" ကျွန်တော့်ကို အသရေဖျက်တဲ့အမှုပေါ့နော်။ ကျွန်တော့်ဂုဏ်သိက္ခာကျဆင်းအောင် ပြည်သူတွေက တစ်မျိုးထင်အောင် ကျွန်တော့်ကို ပြည်သူနဲ့ပြသနာတွေ မျိုးစုံဖြစ်အောင် ဒါလုပ်တဲ့အတွက် ကျွန်တော် စွဲရမှာပါ။" ဟု သရုပ်ဆောင်သီဟတင်စိုးက ပြောသည်။

သရုပ်ဆောင်သီဟတင်စိုးအား အိမ်အကူ ဒေါ်ခင်မာမြင့်က ဖွင့်ထားသည့်အမှုကိုလည်း မြို့နယ်ဥပဒေ ရုံးက တရားစွဲဆိုရန်လုံလောက်ခြင်းမရှိသောကြောင့် ပြီးခဲ့သည့်ရက်ပိုင်းအတွင်းက ပလပ်ခဲ့သည်ဟု သရုပ်ဆောင် သီဟတင်စိုးက ဆက်ပြောသည်။

" ကျွန်တော့်ကို တရားရုံးကနေပြီး ဒီအမှုကို အမှုမမြောက်ဘူးလို့ သတ်မှတ်ပြီးတော့ ပလပ်အဖြစ် အသိ အမှတ်ပြု စာထုတ်လိုက်ပြီပေါ့။ အဲဒါကြောင့် အခုလိုတွေ့ဆုံရှင်းပြခွင့်ရတာလေ။ အမှန်တော့ သူတို့က အပိုင်ပဲဆိုပြီး တွက်ပြီးတော့လုပ်လိုက်တာလေ။ ဒါပေမယ့်မဖြစ်လာတာတော့ သူတို့ကုသိုလ်ကံပဲ။ ကျွန်တော့် ကုသိုလ်ကံလည်း ပါပါတယ်။" သရုပ်ဆောင်သီဟတင်စိုးက ပြောသည်။

သရုပ်ဆောင်သီဟတင်စိုးကို အိမ်အကူ ဒေါ်ခင်မာမြင့်က ပြီးခဲ့သည့် ဇူလိုင်လ ၁၄ ရက်နေ့ ညပိုင်းက ရန်ကုန်မြို့ သုဝဏ္ဏနယ်မြေရဲစခန်းတွင် ရာဇသတ်ကြီးဥပဒေပုဒ်မ ၃၇၆ ဖြင့်အမှုဖွင့်ခဲ့ပြီးနောက် ဇူလိုင်လ ၁၈ နေ့တွင် ရန်ကုန်တိုင်းရဲတပ်ဖွဲ့က အဆိုပါတိုင်တန်းမှုမှာ မှန်ကန်မှုမရှိကြောင်း ထုတ်ပြန်ခဲ့သည်။

လက်ရှိအနေအထားတွင် အိမ်အကူ ဒေါ်ခင်မာမြင့်နှင့် ပွဲစားဒေါ်ညိုကို ရဲတပ်ဖွဲ့ကဖမ်းဆီး၍ သင်္ဃန်း ကျွန်းမြို့နယ်တရားရုံးတွင် တရားစွဲဆိုထားပြီး ပွဲစားဒေါ်မြင့်ဆိုသူကိုလည်း တရားခံပြေးအဖြစ် ဖမ်းဝရမ်း ထုတ်ထားကြောင်း သိရသည်။

အစွပ်စွဲခံခဲ့ရသူ သရုပ်ဆောင်သီဟတင်စိုးသည် နယ်ချဲ့တော်လှန်ရေး ဇာတ်ကားများဖြင့် ပရိတ်သတ်၏ အထူးအားပေးခံခဲ့ရပြီး ၂၀၀၀ ခုနှစ်တွင် အကောင်းဆုံး ဒါရိုက်တာ ဆု၊ အကောင်းဆုံးသရုပ်ဆောင်ဆုများလည်း ရရှိထားသူဖြစ်သည်။