မြိတ်ခရီးသွားလုပ်ငန်း ရေရှည်ဖွံ့ဖြိုးရေးအတွက် Digital Marketing App တစ်ခု ရေးဆွဲမည်

.

Island and seashore near Kawthaung Township.  Photo: myanmar-cefa.or.jp

မြိတ်၊ သြဂုတ်လ ၂၄ ။           ။ တနင်္သာရီတိုင်းခရီးသွားလုပ်ငန်းအနေဖြင့် ပြည်ပမှခရီးသွားဧည့်သည်များကို ဆွဲဆောင်နိုင်ခြင်း မရှိသေးသည့် အတွက် တနင်္သာရီတိုင်း ခရီးသွားလမ်းညွန် Digital Marketing App တစ်ခု ရေးဆွဲရန် ပြင်ဆင်နေကြောင်း မြိတ်ခရိုင် ခရီးသွားလုပ်ငန်းရှင်များအသင်းထံမှ သိရသည်။

မြိတ်မြို့ Green Eyes Hotel တွင် သြဂုတ်လ ၂၃ ရက်နေ့ နေ့လယ် ၂ နာရီ အချိန်တွင် ပြုလုပ်သည့် စီမံခန့်ခွဲမှု နှင့် ခရီးသွားလုပ်ငန်းများ မိတ်ဖက်အဖွဲ့စည်းတွေ့ဆုံပွဲတွင် ယင်းသို့ ရေးဆွဲရန် ဆွေးနွေးခဲ့ကြခြင်း ဖြစ်ပြီး Mobile Hospitality Consultancy မှ တာဝန်ရှိသူများ၊ မြိတ်မြို့မှ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းရှင်များအသင်း တို့မှ လုပ်ငန်းရှင်များ တက်ရောက်ဆွေးနွေးခဲ့ကြသည်။

“မြိတ်ကျွန်းစု ခရီးသွားလုပ်ငန်းက အောင်မြင်သင့်သလောက် မအောင်မြင်ဘူး ဖြစ်နေပါတယ်၊ တကယ်တမ်း ကျတော့ ဒီဘက်က ခရီးသွားလုပ်ငန်းကို Local မှာ လူသိများနေတယ်၊ နိုင်ငံတကာမှာ လူသိအရမ်းနည်းနေ ပါသေးတယ်၊ အထူးသဖြစ်ကတော့ ကြော်ငြာအား နည်းနေလို့ ဖြစ်တာပါ၊ ဒီအတွက်ကြောင့် ကျွန်တော်တို့က နည်းပညာပိုင်းနဲ့ ဈေးကွက်ကို ဘယ်လိုရှာရင်ရနိုင်မလဲဆိုတာ လုပ်ကြည့်လိုက်တော့ တနင်္သာရီတိုင်းခရီးသွား လမ်းညွန် Digital Marketing App တစ်ခုကို ရေးဆွဲဖို့ စိတ်ကူးရှိလာတယ်”ဟု Mobile Hospitality Consultancy မှ ဦးညီညီဆွေက ပြောသည်။

မြိတ်ဒေသရှိ ဟိုတယ်နှင့်ခရီးသွားလုပ်ငန်းကုမ္ပဏီများမှ အွန်လိုင်းပေါ်တွင် ကြော်ငြာထားသည့် အချက်အလက် များမှာ နည်းပညာပိုင်းအရ New Update ပြုလုပ်မှုအားနည်းသည့် အတွက် ပြည်ပခရီးသွားဧည့်သည်များ ၀င်ရောက် ကြည့်ရှုမှုနည်းပါးကြောင်း စီမံခန့်ခွဲမှုနှင့် ခရီးသွားလုပ်ငန်းများ မိတ်ဖက်အဖွဲ့အစည်းတွေ့ဆုံပွဲတွင် ပညာရှင်များက သုံးသပ်ပြောဆိုသည်။

“မြိတ်ခရီးသွား လုပ်ငန်းကို ဒီထက်မက အောင်မြင်ဖို့ ကျွန်တော်တို့က မြိတ်အပါဝင်ပေါ့ ။ တနင်္သာရီ တစ်တိုင်းလုံးက ဟိုတယ်တွေ၊ ခရီးသွားလုပ်ငန်းတွေအားလုံး ပါဝင်အောင် Digital Marketing App ကို စရေးဆွဲနေပါပြီ၊ နောက် ၄၊ ၅ လ အတွင်း ထွက်ရှိနိုင်လိမ့်မည်”ဟု ဦးညီညီဆွေက ဆိုသည်။

အဆိုပါ Digital Marketing App တွင် လမ်းညွန် မြေပုံများ၊ ဟိုတယ်များ၏ ၀န်ဆောင်မှုအပိုင်း၊ ဈေးနှုန်းများ၊ ကျွန်းခရီးများ၏ ဈေးနှုန်းများနှင့် ငွေပေးချေစနစ်များ၊ အခြားသော ခရီးသွားလုပ်ငန်းနှင့်သက်ဆိုင်သည့် သတင်း အချက်အလက်များကို ထည့်သွင်းရေးဆွဲသွားမည်ဟု သိရသည်။